မိုင်းဆတ်မြို့၊ အ.ထ.ကကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အကြို ထမနဲထိုးပြိုင်ပွဲကျင်းပ

မိုင်းဆတ် ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ အ.ထ.ကကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အကြို ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြိုင်ပွဲတွင် အ.ထ.က(မိုင်းဆတ်)မှ အထက်တန်းနှင့် အလယ်တန်းအဆင့်စုပေါင်း၍ အနော်ရထာ အသင်း၊ ဘုရင့်နောင်အသင်း၊ ကျန်စစ်သားအသင်း၊ အလောင်းဘုရားအသင်းနှင့် ဗန္ဓုလအသင်း များမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ၎င်းထမနဲထိုးပြိုင်ပွဲသည် အ.ထ.က(မိုင်းဆတ်)၌ ပထမအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ စည်းလုံးညီညွတ်မှုရှိစေရန်နှင့် တစ်ဦးနှင့်တစ်ဦး၊ အသင်းတစ်သင်းနှင့်တစ်သင်း ချစ်ခင်ရင်းနှီးမှုရှိစေရန် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်လှိုင်ထွန်းထံမှ သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဘုရင့်နောင်အသင်း၊ ဒုတိယဆုရရှိသည့် အလောင်းဘုရားအသင်းနှင့် တတိယဆုရရှိသည့် ဗန္ဓုလအသင်းတို့အား ကျောင်းအုပ်ဆရာကြီး ဦးဇော်လှိုင်ထွန်းနှင့် တာဝန်ရှိ သူတို့က ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

 

မြင့်မောင်(မိုင်းဆတ်)