ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်ကျွန်းကျေးရွာအုပ်စုမှ ပြောင်းဖူးစိုက်တောင်သူများ ပြောင်းဖူးလှိုင်လှိုင်ပေါ်ချိန် ပြောင်းဖူးဈေးထိုးကျ

ညောင်ဦး ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်ကျွန်းကျေးရွာ အုပ်စုရှိကျေးရွာများသည် ညောင်ဦး-ပခုက္ကူ-မြင်းခြံ သွား ကားလမ်းမကြီးဘေး ဝဲ/ယာတွင်တည်ရှိကာ ဒေသခံကျေးရွာများရှိ တောင်သူများသည် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပြောင်းဖူးစိုက်ပျိုးခြင်းအား တစ်နှစ်ပတ်လုံးစိုက်ပျိုးရောင်းချခြင်းဖြင့် ပြောင်းဖူးစိုက်ပျိုးခြင်းလုပ်ကိုင်နေကြကာ ယခုလ ပြောင်းဖူးလှိုင်လှိုင်ပေါ်ချိန် ပြောင်းဖူးဈေးနှုန်းကျဆင်းနေခြင်းကြောင့် ရန်ကုန်ပြောင်းဖူးပွဲစားများနှင့် မန္တလေးမြို့မှပွဲစားများလာရောက်ဝယ်ယူမှု မရှိခြင်းကြောင့် ပြောင်းဖူးဈေးအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

အဆိုပါကျေးရွာအုပ်စုများရှိ ကျေးလက်တောင်သူများသည် တစ်နှစ်ပတ်လုံးပြောင်းဖူးများသာ စိုက်ပျိုးကြကာ တစ်နှစ်လျှင်လေးကြိမ်အထိ စိုက်ပျိုးကြကြောင်း၊ မြစ်ရေတင်ဖြင့်စိုက်ပျိုးကြသည့် တောင်သူများရှိသလို၊ မြေ အောက်ရေတွင်းတူးကာ ရေစုပ်စက်ဖြင့်တင်၍ ရေးသွင်းစိုက်ပျိုးကြသည့် တောင်သူများလည်းရှိကြောင်း၊ သကြားပြောင်းဖူးနှင့် အစီး(စေး)ပြောင်းဖူးနှစ်မျိုးသာအများဆုံးစိုက်ပျိုးကြပြီး ကြက်တမော့ပြောင်းဖူးလည်း စိုက်ပျိုးကြကြောင်း သိရသည်။ ထွက်ရှိလာသည့် ပြောင်းဖူးများအား ကားလမ်းမကြီးဘေးတွင်ပုံထားကာ လမ်းသွား၊ လမ်းလာကားများမှဆင်းဝယ်၍ ရောင်းချရသလို၊ မြင်းခြံ၊ ညောင်ဦး၊ ပခုက္ကူ၊ ပုဂံ၊ ကျောက်ပန်းတောင်း ပွဲစားများမှ လာရောက်ဝယ်ယူကြသလို၊ ပလင်းကမ်းသာယာဆင်စခန်းမှလည်း ဆင်စာအတွက် အမြဲဝယ်ယူနေကြောင်း၊ ရန်ကုန်၊ မန္တလေးပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူရာတွင် ကားဖြင့်တခါ လာရောက်ဝယ်ယူလျှင် ပြောင်းဖူးတစ်သောင်းမှ သုံးသောင်းထိအဖူးရေဖြင့် ရောင်းချရကာ ယခုလအတွင်းပြောင်းဖူးများလှိုင်လှိုင်ပါ်ချိန် ပြောင်းဖူးတစ်ဖူး ၈၀ ကျပ်ဖြင့် ရောင်းချနေရပြီး ဆယ်ဖူးဈေး (၈၀၀) ကျပ်ဖြင့် ရောင်းချနေရကာ ပြောင်းဖူးဈေးအနိမ့်ဆုံးသို့ထိုးကျနေခြင်းကြောင့် ပြောင်းဖူးများလှိုင်လှိုင်ပေါ်ချိန်စိုက်ပျိုးစရိတ်ပင်မရရှိတော့ကြောင်း ဦးဝင်းတင်က ရှင်းပြသည်။

မိုးရာသီတွင်ပြောင်းဖူးစိုက်လျှင် ရက် (၉၀) ဖြင့် ပြောင်းဖူးရရှိကာ၊ နွေရာသီစိုက်ပျိုးချိန်တွင် (၇၅) ရက်ဖြင့် ပြောင်းဖူးပေါ်ကြောင်း သိရသည်။ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုရှိ ကျေးရွာများ၊ သစ်ထောင့်ကျွန်းအုပ်စုရှိပြောင်းဖူးစိုက်တောင်သူများ ပြောင်းဖူးဈေးနှုန်းအနိမ့်ဖြင့်ရောင်းချနေရကြောင်း ပြောင်းဖူးများအထွက်နှုန်းကောင်းမွန်ပြီး အထွက်များပြားခြင်းကြောင့် ရန်ကုန်၊ မန္တလေး ပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူမှု နည်းပါးနေကြောင်း ပြောင်းဖူးစိုက်တောင်သူများက ပြောကြားသည်။

ကိုထိန်၊KPD