ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ကိုယ်စားပြုအဖွဲ့ များလေ့လာရေးခရီးသွားရောက်မည်

ကျိုင်းတုံ   မတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ အသင်း/အဖွဲ့ (၁၅)ဖွဲ့မှ နေပြည်တော်နှင့် ရန်ကုန်မြို့သို့ လေ့လာရေးခရီးစဉ် သွားရောက်မည့် တိုင်း ရင်းသားများအား အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလမှ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုခန်းမ၌ မတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီက တွေ့ဆုံမှာကြားသည်။

တွေ့ဆုံရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီး ဦးအာဗေလက ကျိုင်းတုံမြို့ရှိ တိုင်းရင်သားယဉ်ကျေးမှု အသင်းအဖွဲ့ (၁၅) ဖွဲ့မှ လေ့လာရေးခရီးလိုက်ပါမည့်သူများအား အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းဖုန်းကျော်က သွားရောက်မည့်ခရီးစဉ်များနှင့် ပတ်သက်၌ အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။

အဆိုပါခရီးစဉ်ကို တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၏ ဦးဆောင်မှုဖြင့်မတ်လ ၂ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိသွားရောက်မည်ဖြစ်ပြီး  မတ်လ ၂ ရက်နေ့ နံနက် ၆ နာရီတွင် ကျိုင်းတုံမြို့၊ ယဉ်ကျေးမှုပြတိုက်မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း၊ ခရီးစဉ်တွင် ရှမ်း၊ ဗမာ၊ အဲန်၊ ပလောင်၊ တိုင်းလိ၊ ၊ တိုင်းလွယ်၊ တိုင်းခင်၊ တိုင်းနေ၊ တိုင်းလုံ၊  ဝ၊ လီဆူ၊ တွီ၊ လားဟူ၊ အာခါ၊ အားခေ၊ စသည့်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ (၁၅)ဖွဲ့မှ တစ်ဖွဲ့လျှင် (၃)ဦးဖြင့် စုစုပေါင်း (၄၅)ဦးပါဝင်မည် ဖြစ်ကြောင်းသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)