(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နမ္မတူမြို့နယ် ကျေးရွာအုပ်စု(၃)ခုအတွင်းရှိ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် (၂၆၄)ကတ် ကျေးရွာအရောက် ကွင်းဆင်းပေးအပ်

နမ္မတူ  ဖေဖော်ဝါရီ  ၅

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီး မှူးရုံးမှ နမ္မတူမြို့နယ်ကျေးရွာအုပ်စု (၃)ခုအတွင်းရှိ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်(၂၆၄)ကတ် ကျေးရွာအရောက် ကွင်းဆင်းပေးအပ်ခြင်းကို ဖေဖော်ဝါရီလ(၄)ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာရှိ အခြေခံ ပညာအထက်တန်းကျောင်း(မိုင်းရင်း)၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သည်။

ထို့သို့ပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးအောင်ဆန်းမြင့်တို့က “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျေးလက်နေ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားကတ် အလွယ်တကူကိုင်ဆောင်ခွင့်ရရှိစေရန် ရည်ရွယ်၍ မိုင်းရင်၊ ဝိန်းနန်၊ မန်ဆာလုံ စသည့်ကျေးရွာ အုပ်စု(၃)ခုအတွင်းရှိ တိုင်းရင်းသားပြည်သူ (၂၆၄)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထပ်မံရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေး သည့် လုပ်ငန်းစဉ်(၄)မျိုး၊ နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြော ကြားပြီး ပန်ခင်းစီမံချက်ဆိုင်ရာသိမှတ်ဖွယ်ရာ လက်ကမ်းစာစောင် (၁၅၀)စောင်အား အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အလားတူ မြို့နယ်ဦးစီးမှူးအပါအဝင် ဝန်ထမ်း(၅)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်မိတ်ဆွေကောင်း လူမှုကူ ညီရေးအသင်းတို့ ပူးပေါင်း၍ မဲစာရင်းပုံစံ (က) ဇယားစိစစ်ခြင်းလုပ်ငန်းနှင့် ကျန်ရှိသည့်တိုင်းရင်းသားပြည်သူ (၁၂)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများထပ်မံထုပ်ပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူး ရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှထံက သိရသည်။

လူမော် (ပြန်/ဆက်)