ရမ်းဗြဲ ဖေဖေါ်ဝါရီ ၅
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မီးသတ်ဦးစီးဌာနမှ ယမန်နေ့ညနေ ၅ နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာ ပေး လှည့်လညနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့လှည့်လည်နှိုးဆော်ရာတွင် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မိမိအိမ်ပတ်ဝန်းကျင်တွင် လောင်စာအမှိုက်သရိုက် များ ရှင်းလင်းထားကြရန်၊ နေအိမ်နှင့် အိမ်ဥပစာအတွင်း ခွင့်ပြုချက်မရှိဘဲ လောင်စာဆီသိုလှောင်ခြင်းမပြုလုပ်ရန်၊ လောင်စာဆီများဖြစ်သော ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ စက်သုံးဆီများကိုမြို့တွင်း၊ ရပ်ကွက်တွင်း၊ လမ်းဘေးဝဲယာများတွင် ရောင်းချခြင်းမပြု လုပ်ကြရန်၊ လျှပ်စစ်မီးသုံးစွဲရာတွင် ပေါက်ပြဲ ဆွေးမြေ့နေသော မီးကြိုးများအသုံးမပြုရန်၊ အိမ်တွင် လူမရှိပါက မီးခလုတ်များပိတ်ထားရန်၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ် အိုများကို ထမင်းဟင်းချက်ပြုပ်ခြင်း မပြုလုပ်စေရန်၊ ထင်းမီးသုံးစွဲပါက မီးကြွင်းမီးကျန်များကို ငြိမ်းသတ်ထားရန် မီးသုံးစွဲချိန်အားနံနက် ၄ နာရီမှ နံနက် ၁၁နာရီ အတွင်းနှင့်ညနေ ၄ နာရီ မှ ည ၈ နာရီအတွင်းသာအသုံးပြုကြရန်၊ အမှိုက်များကို စည်းကမ်းမဲ့မီးရှို့ခြင်းမပြုလုပ်ကြရန်၊ အိမ်တိုင်းတွင် အရေးပေါ်မီးငြိမ်းသတ်ရေးပစ္စည်းကရိယာများဖြစ်သော မီးသတ်ဆေးဗူး၊ မီးကတ်၊ မီးချိတ်၊ သဲပုံး၊ ရေပုံးများ အဆင့်ဆင့် ဆောင်ထားရှိရန်တို့ကို နှိုးဆော်ခဲ့ကြပါသည်။
မိဘပြည်သူများအနေဖြင့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ သတ်မှတ်ညွှန်ကြားချက်များအား ပူး ပေါင်းပါဝင်လိုက်နာဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အောင်နိုင်(ပြန်/ဆက်)