မိုးကောင်း ဩဂုတ် ၂၇
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့ခြင်း (ငွေဗိုက်) အစီအစဉ် တစ်ရပ်ကို မြို့နယ်ပြည်သူ့ဆေးရ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်း မှစတင်၍ မိုးညှင်းခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှ လာရောက်ဆောင်ရွက် ပေးနေကြောင်း သိရသည်။
"လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကာလမှာ လူမှုဘဝအပေါ်အခက်အခဲ အကျိုးသက်ရောက်မှုတွေ လျှော့ပါးစေရန် ရည်ရွယ်ပြီးတော့ လူမှုဝန်ထမ်း ဦးစီးဌာနကနေ ကိုယ်ဝန်ဆောင်သည်တွေ တစ်ယောက်ကို ၃၀၀၀ဝိ/-တိတိ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်"ဟု မိုးညှင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြတ်မြတ်မိုး က ပြောကြားသည်။
ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် မိမိလက်ကိုင်ဖုန်းတွင် Google Play Store တို့မှ ငွေဗိုက် Application ဒေါင်းလော့လုပ်ယူ၍ လက်ကိုင်ဖုန်းများဖြင့် မှတ်ပုံတင်နိုင်ကြောင်း၊ အကယ်၍ နားမလည်လျှင် လူမှုဝန်ထမ်းဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း၊ မှတ်ပုံတင်သောအခါ မိခင်နှင့်ကလေး ကျန်းမာရေး မှတ်တမ်းများ၊ ကျန်းမာရေးဦးစီးဌာန၏ ကိုယ်ဝန်ဆောင်သည်ဖြစ်ကြောင်း ထောက်ခံစာများ လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
အဆိုပါ ငွေဗိုက်အစီအစဉ်၌ ဩဂုတ်(၁၁)ရက်မှ စက်တင်ဘာ(၁၅)ရက်ထိ မှတ်ပုံတင်ခြင်း လုပ်ငန်းကို ဆောင်ရွက်မည် ဖြစ်ပြီး စက်တင်ဘာလ(၂၀)ရက် နောက်ပိုင်းတွင် ထောက်ပံ့ကြေးငွေများကို ဘဏ်တွင် ငွေသားထုတ်ယူခြင်း၊ ဖုန်းစနစ်ဖြင့်ငွေလွှဲခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် သဘောတူညီချက် ပြုလုပ်ထားသော အသေးစားငွေကြေးဌာနတွင် ထုတ်ယူခြင်းစသည် ငွေသားထုတ်ယူနိုင်သော နည်းလမ်း(၃)ခုဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မိုးကောင်းမြို့ပေါ် (၁၀)ရပ်ကွက်တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ ရည်မှန်းထားသည့် ကိုယ်ဝန်ဆောင် မိခင်ပေါင်း(၅၉၃)ဦး လျာထားပြီး ငွေဗိုက်ဆော့ဝဲ၌ လိုအပ်သည့်ဖောင်များ ဖြည့်စွက် ပေးနေကြောင်း၊ မိုးညှင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက အဆိုပါလုပ်ငန်းကို မိုးကောင်း မြို့နယ်တွင်း ကျန်ရှိသည့် ကျေးရွာများသို့ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ (၄)ရက်တာ ကွင်းဆင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)