ခရမ်း ဩဂုတ် ၂၇
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးနှင့် မဲစာရင်းတွင် ပါဝင်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်က ကင်မွန်းခြုံကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံ ပြည်သူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် ဩဂုတ်လ အတွင်း မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ အသက်(၁၈)နှစ်ပြည့် ကျား/မ စုစုပေါင်း (၂၂၉၃) ဦးတို့ကို နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ပြုလုပ်ပေးခဲ့ပြီး ဆက်လက်၍ ကျန်ရှိနေသော ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများကိုလည်း ကွင်းဆင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ ကျေးရွာပေါင်း ၁၆၆ ရွာရှိပြီး လူဦးရေ စုစုပေါင်း ၁၆၅၀၀၀ ကျော် ရှိရာ၊ လက်ရှိအချိန်ထိ အသက် ၁၈ နှစ်ပြည့် ပြီး၁၂/ခရန(နိုင်)နိုင်ငံသား စိစစ်ရေးကတ်ပြား စုစုပေါင်း ၁၇၀၀၀၀ ကျော် ထုတ်ပေးပြီးကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ရုံးမှ သိရှိရသည်။
ကိုမင်း(ခရမ်း)