ကျိုက်မရော ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဒေသခံပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ကျိုက်မရော မြို့နယ်ဦးစီးမှူး ဦးကိုကိုလွင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒုလဝကမှူး ၃ ဦး၊ တိုက်နယ်မှူးများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါကာ တစ်အိမ်တက်ဆင်း လှည့်လည်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနေ့ချင်းပြီး ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုစာရင်းတွင် လူရှိပြီးနိုင်ငံသားကတ်မရှိသေးသူများ၊ အိမ်ထောင်စုစာရင်းရှိသေဆုံးသူစာရင်းအား ချက်ချင်းပယ်ဖျက်ပေးခြင်းနှင့် "လူမှုဘဝပြည့်စုံဖို့
နိုင်ငံသားကတ်ကိုင်ဆောင်ကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်းကိုင်ဆောင်ခွင့်ရှိသည့် သက်သေခံကတ်ပြား တစ်ခုခုကို ကိုင်ဆောင်နိုင်ရေး Door to Door စနစ်ဖြင့် ပြည်သူလက်အရောက် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)