ရန်ကုန် ဖေဖော်ဝါရီ ၅
ဗဟန်းမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြို၊ မူလတန်းကြို ကျောင်းပေါင်းစုံ၊ ကာယစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင်၊ ဗဟန်းမြို့နယ် ရွှေတောင်ကြား(၁)ရပ်ကွက်၊ ကမ္ဘောဇလမ်း၊ အမှတ်(၂၂)ရှိ အမှတ်(၁) မူလတန်းကြို ကျောင်းတွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားကို ဖေဖေါ်ဝါရီ(၁၃)ရက်နေ့တွင် ကျရောက်မည့်၊ မြန်မာနိုင်ငံ ကလေးများနေ့ ဂုဏ်ပြုအကြိုလှုပ်ရှားမှုအဖြစ်၊ မူလတန်းကြိုကျောင်းပေါင်းစုံမှ ကျောင်းသား /ကျောင်းသူများကို အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး၊ ဘက်စုံထူးချွန်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်နှင့် ကလေးငယ်များ၊ စုပေါင်းပါဝင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မူလတန်းကြိုကျောင်းပေါင်းစုံမှ ဆရာ/ဆရာမများ၊ ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ တတ်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့သည်။
ဆက်လက်၍ မူလတန်းကြို ကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများက ကာယစွမ်းရည်ပြိုင်ပွဲများ၊ ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ပြိုင်ပွဲတွင်၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က ဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို တက်ရောက်လာကြသူများက မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသ ထားသော မှတ်တမ်းဓါတ်ပုံများကိုလေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)