ထန်းတပင်မြို့မဈေး၌ မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်

ထန်းတပင်(ရန်ကုန်)၊  ဖေဖော်ဝါရီ   ၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်၍ ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ ညနေပိုင်းက မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ထန်းတပင်မြို့မစျေးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်ရာတွင်လည်း မြို့နယ်မီးသတ်ဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင် ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်ပြသခြင်း၊ ဖုံးအုပ်ငြှိမ်းသတ်ပြသခြင်း၊ 3D မီးသတ် ပိုက်ခေါင်း အသုံးပြု၍ လက်တွေ့ပြသခြင်းနှင့် အမြုပ်မီးသတ်ဆေးရည်ဖြင့် မီးငြှိမ်းသတ်ခြင်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကို လက်တွေ့ မီးငြှိမ်းသတ်ခြင်းများကို ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ရာသို့လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေး ဆောင်ရွက်ခဲ့ကြပြီး မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့်လည်း ဌာနဆိုင်ရာများနှင့် မီးဘေး လုံခြုံရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများသာမက အများပြည်သူများအား မီးဘေးအန္တရာယ် ကင်းဝေးစေရေးတို့အတွက် အသိပညာပေးနှိုး ဆော်မှုများနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် အသိပညာပေးလုပ်ငန်းများကိုလည်းဆောင် ရွက်လျက်ရှိကြောင်းသိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)