မူဆယ် ဖေဖေါ်ဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း ပါဝင်သော ကျေးရွာအုပ်စု အချို့သည် ဒေသအခြေအနေအရ သွားလာရန်ခက်ခဲသော်လည်း ထိုဒေသရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော နိုင်ငံသားတိုင်း ကတ်ပြားတစ်မျိုးမျိုးလက်ဝယ်ရရှိ ကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားကတ်ပြားများကို နေ့ချင်းပြီးပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် (၀၉း၃၀)နာရီအချိန်က ကွတ်ခိုင်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနရုံး တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မူဆယ်ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်း၊ မြို့နယ်ဦးစီးမှူးဦးဇော်မိုးအောင်နှင့် ဝန်ထမ်းများက ကွတ်ခိုင်မြို့နယ်အတွင်း ဒေသအခြေအနေအရ သွားလာရန်ခက်ခဲသော ကောင်းခါးမန်ပြိန်းကျေးရွာအုပ်စု၊ ပန်နိမ့်ကျေးရွာ၊ နမ့်ဖလွန်း ကျေးရွာအုပ်စုတို့မှ ဒေသခံတိုင်းရင်းသားများဖြစ်သော တအာင်း (ပလောင်)၊ ကချင်၊ ခိုလုံလီရှောနှင့် မုန်းဝန်း (တရုတ်)လူမျိုးများကို ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးသို့ ခေါ်ဆောင်ပြီး ဉပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ပေးရင်း လာရောက်ကြသည့်ဒေသခံတိုင်းရင်းသားများကို ရင်းနှီးကျွမ်းဝင်စေရန်နှင့် ဌာန ဆိုင်ရာဝန်ထမ်းများကို ပြောရဲဆိုရဲရှိစေရန် ရည်ရွယ်ပြီး ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းက ပန်းခင်းစီမံချက်နှင့် ပတ်သက်သော အသိပညာပေး ဟောပြောဆွေးနွေးခြင်း၊ ပန်းခင်းစီမံချက်နှင့် ပတ်သက်သော ဗဟုသုတ မေးခွန်းများကို မေးမြန်းခြင်း၊ ဖြေဆိုနိုင်သူများကို ဆုငွေချီးမြှင့်ခြင်း၊ ဗလာမပါကံစမ်းမဲဖောက်ခြင်းနှင့် နေ့လည်စာအဖြစ် ထမင်းကြော်နှင့် ရေသန့်ဗူးများကို ဝေငှပေးခဲ့ကြောင်းသိရသည်။လာရောက်ပြုလုပ်ကြသည့် ဒေသခံပြည်သူများထဲမှ အသက်အကြီးဆုံးကြဖြစ်သော တအာင်း (ပလောင်)တိုင်းရင်းသား ဦးအိုက်ရီ(၇၆)နှစ်၊ ဦးစောငြိမ်း(၇၆)နှစ်နှင့် ဒေါ်အေးဆောင် (၈၈)နှစ်တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို ခရိုင်ဦးစီးမှူးဦးရဲရင့်ထွန်းက လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။ ယနေ့လာရောက်ဆောင်ရွက်ကြသည့် ကျေးရွာအုပ်စုများမှ အိမ်ထောင်စု(၄၂)စု၊ ပန်းခင်းစီမံချက်တွင် အကျုံးဝင်သည် နိုင် ၃(က)(၁၆)ဦး၊ နိုင် ၆(က) (၁၇၂)ဦး၊ အသစ်လဲလှယ် (၂၆)ဦးနှင့် အခြားမိတ္တူ (၄)ဦး စုစုပေါင်း (၂၁၈)ဦးကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ရာတွင် အဆိုပါ တအာင်း တိုင်းရင်းသားဦးအိုက်ရီက “တစ်သက်လုံးရရှိနိုင်မည်ဟု မမျှော်လင့်သော နိုင်ငံသားကတ်ပြားကို လက်ဝယ်ကိုင်ဆောင်ခွင့်ရပြီဖြစ်၍ ဝမ်းသာမဆုံးရှိကြောင်း” ကျေးဇူးတင်စကားပြောကြားလျက်၊ ပန်းခင်းစီမံချက် ရာနှုန်းပြည့် အောင်မြင်နိုင်ရေး အတွက် မိမိဝန်ထမ်းများမှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ဦးစီးမှူးဦးရဲရင့်ထွန်းက ထပ်ဆင့် ပြောခဲ့သည်။
ချယ်ရီမြေ(မူဆယ်)