နောင်တရား မတ် ၁
ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တာခမ်း ဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ကျင်းပရာ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်းနှင့် ဘေားလုံးပြိုင်ပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်တို့က ယနေ့ နံနက် ၁၁ နာရီခွဲတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ကွင်းဖွင့်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမားများက နိုင်ငံတော်အလံအား အလေးပြုပြီး အားကစား သစ္စာအဓိဌာန်လေးချက်ကို ရွတ်ဆိုသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီများက အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။
စန္တာခမ်း ဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ကျင်းပပြုလုပ်သည့် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ပြိုင်ပွဲကို မတ် ၁ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုမည်ဖြစ်ပြီး ယနေ့တွင် ရေဦး FC နှင့် မြောက်ထီဗွာအသင်းတို့ စတင်ယှဉ်ပြိုင်ကစားကြသည်။ အဆိုပါ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်းက ကွင်းအတွင်းသို့ ဘောလုံးကန်သွင်းပြီး အမျိုးသားဘောလုံးပြိုင်ပွဲ ပထမရက်ကို စတင်ခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)