ပြင်ဦးလွင် ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်၊ စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးဝင်း အတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်ပညာရေးမှူး၊ ဒေါ်စန်းစန်းနွဲ့တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စာအုပ်၊ စာပေများ ခင်းကျင်းပြသ ထားမှုအား လှည့်လည် ကြည့်ရှုကြသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်၊စာပေပြပွဲနှင့် စာအုပ်ဈေးရောင်ပွဲတွင် စာရေး ဆရာကြီးများ၏ စာအုပ်များ၊ သုတရသစာအုပ်များ၊ အင်္ဂလိပ် စကားပြော စာအုပ်များ၊ ပညာရေးဆိုင်ရာ စာအုပ်များ၊ ဥပဒေဆိုင်ရာ စာအုပ်များ၊ တရား စာအုပ်များ၊ ကလေးပညာပေး စာအုပ်များ၊ ပုံပြင်စာအုပ်များနှင့် ပြင်ဦးလွင်မြို့ သမိုင်းစာအုပ်များ စသည့် စာအုပ်ပေါင်း ( ၃၅၀၀)ကျော် ပြသရောင်းချလျက်ရှိသည်။
ဆက်လက်ပြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိ ၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။
ခရိုင် (ပြန်/ဆက်)