လယ်ဝေး ဖေဖော်ဝါရီ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)တွင် ယမန့်နေ့ နံနက်(၉)နာရီက မူလတန်း(အောက်ဆင့်) ကဗျာရွတ်ပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း များအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် လယ်ဝေးမြို့၊ ဗဟိုမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့က ကဗျာခေါင်းစဉ် အမျိုးမျိုးဖြင့် ရွတ်ဆိုပြိုင်ပွဲဝင်သည်။ ဆက်လက်၍ အဆိုပါကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၉)ဦးတို့က “ပြည်ထောင်စု စိတ်ဓာတ်”ခေါင်းစဉ်ဖြင့် စာစီစာကုံး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ညနေ(၄)နာရီတွင် ဆုချီးမြှင့်ပွဲကိုကျင်းပရာ မူလတန်း(အောက်ဆင့်) ကဗျာရွတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မရွှေမှုံရဒီ၊ မရွှေမှုံဝဒီ၊ မရွှေမှုံနဒီ(အမွှာ)၊ ဒုတိယ ဆုရရှိသည့် မောင်မင်းခန့်၊ တတိယဆုရရှိသည့် မဆုသီရိစံနှင့် အထူးဆု(၇)ဆုကို လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မောင်အောင်မြင်ကျော်ဇော၊ ဒုတိယဆု ရရှိသည့် မထူးရတီဦး၊ တတိယဆုရရှိသည့် မောင်လွင်ဘုန်းပိုင်နှင့် အထူးဆုရရှိသည့် မယွန်းရွှေစင်ဖူးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင် ဗိုလ်မှူးမင်းကျော်သူ၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်သိန်းသိန်း၊ ဗဟိုမူလတန်းလွန် ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုလွင်တို့က ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)