ပုံပါကျင် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက စာအုပ်၊စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် (Women Club)အသင်းတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအနေဖြင့်စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရန်နှင့် စာပေချစ်မြတ်နိုးသူများချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ မြို့ဦးစီးမှူးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားထားသည့် "နှလုံးသားကိုဖြူစင်အောင်ထားပါ" စာအုပ်မှ "လူ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့နှလုံးသားကိုဖြူစင်အောင်ထားပါ" အကြောင်းအရာနှင့် ပတ်သက်၍ လည်းကောင်း၊ Book Club ဥက္ကဋ္ဌ ဦးထွန်းလင်းက "အချစ်၊ငွေ၊ဂုဏ်တို့ကို ခင်တွယ် တပ်မက်လွန်းရင်စိတ်ဒုက္ခနဲ့ပဲကြုံတွေ့ရပါမယ်" အကြောင်းအရာကိုလည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်အေးဝင်းက "သင့်ဘဝသည်သင့်ယုံကြည်ချက်၏ပုံရိပ်ဖြစ်သည်" အကြောင်းအရာကိုလည်းကောင်း ၊Women Club ဥက္ကဋ္ဌ ဒေါ်အေးဝေမြင့်က "လောကကြီးက ဘယ်သူ့ကိုမှ မျက်နှာ မလိုက်ပါဘူး" အကြောင်းအရာကိုလည်းကောင်း၊ အသီးသီး ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် Book Club၊Women Club အဖွဲ့ဝင်များက စာဖတ်ဝိုင်း တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် ၎င်းတို့၏အမြင်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)