ကျိန္တလီ ဖေဖော်ဝါရီ ၄
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေး စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဖေဖော်ဝါရီ ၃ရက်နေ့ နံနက်၉ နာရီအချိန်မှစတင်ကာ ကျိန္တလီမြို့အတွင်း ကျေးရွာအုပ်စုများသို့သွားရောက်၍ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဂွမြို့နယ် ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူး ဦးဇာနည်ငြိမ်းချမ်းက ကျိန္တလီမြို့အတွင်းရှိ ရပ်ကွက် ၊ကျေးရွာအုပ်စုများမှ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရန်ရောက်ရှိလာသော ပြည်သူများအား လာရောက်ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်အား ပြောကြားရာတွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားကတ်အသုံးဝင်ပုံနှင့်မရှိမဖြစ်လိုအပ်ပုံ ၊ မိမိတို့မွေးဖွား ရာဇာတိတွင်အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ လက်ရှိဇာတိတွင်အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေးစာရင်းမရှိသူများနှင့် ပြောင်းရွေ့နေထိုင်သူများအနေဖြင့် မူလဒေသအိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင် ရွက်ပေးခဲ့ရာ ကျိန္တလီမြို့ပေါ်ရပ်ကွက်(၃)မှ အသက်(၁၆)နှင့်(၁၈)နှစ်ကြားအမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး ၊ မိတ္တူလဲလှယ် အမျိုးသား(၅)ဦး ၊ အမျိုးသမီး(၉)ဦးစုစုပေါင်း(၁၇)ဦး ၊ ကိုင်းခုံကျေးရွာအုပ်စုတွင် အသက်(၁၈)နှစ် အထက် အမျိုးသား(၂)ဦး ၊ အမျိုးသမီး(၁)ဦး ၊ မိတ္တူလဲလှယ် အမျိုးသား(၁၀)ဦး ၊ အမျိုးသမီး(၁၀) ဦး စုစုပေါင်း(၂၃)ဦး ၊ တောင်ပတ်လည်ကျေးရွာအုပ်စုတွင် အသက်(၁၈)နှစ်အထက် အမျိုးသား(၁၅)ဦး ၊ အမျိုးသမီး(၁၈)ဦး ၊ မိတ္တူလဲလှယ် အမျိုးသား(၂)ဦး ၊ အမျိုးသမီး(၂)ဦး စုစုပေါင်း(၃၇)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများနေ့ချင်းပြီးပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ခိုင်မိုးမင်း(ပြန်/ဆက်)