ဇေယျာသီရိ ဖေဖော်ဝါရီ ၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် အတွင်းရှိ ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာကျေးရွာ၊ သာစည်ကျေးရွာအုပ်စု၊ အောင်သာ ကျေးရွာနှင့် သစ်တပ်ကျေးရွာအုပ်စု၊ သစ်တပ်ကျေးရွာတို့တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်း မှစတင်ကာ အဖွဲ့(၃)ဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစန်းလွင်က လာရောက် ဆောင်ရွက်သည့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် “ပန်းခင်း” စီမံချက်ဖြင့် ပြည်သူများနိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရခြင်း ရည်ရွယ်ချက်၊ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်း (၄)မျိုး၊ ပြည်သူများနိုင်ငံသားစိစစ်ရေးကတ်ပြားကိုင် ဆောင်ရခြင်းကြောင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများ၊ မိမိဌာနမှ ပြည်သူများအတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ဦးစီးအရာရှိ ဦးစန်းလွင်က မိမိဌာနမှ ကွင်းဆင်းဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဇေယျာသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိ မြို့နယ် ဦးစီးမှူးရုံးမှ ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာကျေးရွာမှ(၁၀၂)ဦး၊ သာစည်ကျေးရွာအုပ်စု၊ အောင်သာကျေးရွာမှ(၆၀)ဦးနှင့် သစ်တပ်ကျေးရွာအုပ်စု၊ သစ်တပ်ကျေးရွာမှ(၅၄)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ဆောင်ရွက်လိုပါက ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့်ချိတ်ဆက်ပြီး မြို့နယ်ရုံးသို့ လာရောက်ပြုလုပ်နိုင်ကြောင်း ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ဦးအေးလင်းထွန်း မြို့နယ်(ပြန်/ဆက်)