စစ်တွေ ဖေဖော်ဝါရီ ၄
ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့ ရန်ကုန်အလိုတော်ပြည့်ကယ်ဆယ်ရေးမှ စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသုံးပစ္စည်းများနှင့် စာရေးကရိယာ များလှူဒါန်းခြင်းကို ယနေ့နေ့လည်ပိုင်းက ကျင်းပသည်။
အဆိုပါလှူဒါန်းပွဲတွင် ရန်ကုန်အလိုတော်ပြည့် ကယ်ဆယ်ရေးမှ ဦးကုမာရ(ဦးပဉ္ဇင်းဘီလူး)နှင့် တာဝန်ရှိသူများက ဆင်ကူးလမ်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ထံသို့ ကျောင်းအသုံးအဆောင်ပစ္စည်းများလှူဒါန်းပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ ခဲတံ၊ လွယ်အိတ်၊ ပဲနို့၊ ဘီစကစ်မုန့်၊ ခဲဖျက်၊ အားဖြည့်အချိုရည်များပေးအပ်ကြသည်။ ထို့အပြင် အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့မှ ကျောင်းရှိဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား နေ့လည်စာအဖြစ် မုန့်ဟင်းခါးကျွေးမွေးခဲ့ကြသည်။
ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့ ရန်ကုန်အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအား ထောက်ပံ့ပစ္စည်းများလှူဒါန်းခြင်း၊ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)