ရေး ဖေဖော်ဝါရီ ၄
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ဗိုလ်ချုပ်လမ်း၊ ပင်လုံလမ်းနှင့် ဘုရင့်နောင်လမ်းများ ကတ္တရာထပ်ပိုးလွှာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်နေ့က ဗိုလ်ချုပ်လမ်းသစ်ရှိ ဖွင့်ပွဲမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ လမ်သစ်ဖွင့်ပွဲအား ရေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကိုကိုဦးက အဖွင့် စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကိုကိုဦးနှင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင် ဗိုလ်မှူးအေးမင်းကျော်၊ မြို့မိမြို့ဖများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစောရွှေတို့က လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ဧည့်သည်တော်များအား စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ လမ်းသစ်အားလှည့်လည်ကြည်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ကတ္တရာထပ်ပိုးလွှာလမ်းသစ်အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဗိုလ်ချုပ်လမ်း အရှည်ပေ ၆၈၃၅ ပေ အကျယ် ၂၈ပေ အမြင့် ၃လက်မ တန်ဖိုးငွေကျပ် ၃၉၆၅ သိန်း၊ ဘုရင့်နောင်လမ်း အရှည်ပေ ၂၂၅၀ အကျယ် ၂၅ ပေ အမြင့် ၃ လက်မ ပေ တန်ဖိုးငွေကျပ် ၁၃၂၀ သိန်း၊ ပင်လုံလမ်း အရှည်ပေ ၄၄၅ ပေ အကျယ် ၂၇ ပေ အမြင့် ၃ လက်မ တန်ဖိုးငွေကျပ် ၂၇၀ သိန်း ခွင့်ပြုငွေ စုစုပေါင်းတန်ဖိုးငွေကျပ် ၅၅၅၅ သိန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစောရွှေ ထံမှသိရသည်။
ခင်သိမ့်သိမ့်ရည်၊ ပြန်/ဆက်