နေပြည်တော် ဖေဖော်ဝါရီ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများပိုမိုရရှိစေရန်၊ အသိပညာဗဟုသုများ ပိုမိုတိုးပွားစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အကြို အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ဒက္ခိဏခရိုင် ဖေဖော်ဝါရီ ၂ ရက်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး(တာဝန်ပေး) ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အကြိုပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားသည်။
အဆိုပါပုံပြောပြိုင်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်းမှ အလယ် တန်းအဆင့် ကျောင်းသားကျောင်းသူများက စည်းလုံးမှုခွန်အား၊ ပညာစုပေါင်းအောင်မြင်ကြောင်း၊ စည်းလုံး ညီညာအောင်ကြောင်းဖြာ၊ စည်လုံးခြင်းသည်အင်အား၊ ကိုဖိုးကျားနဲ့ကျွဲလေးကောင်၊ စည်းလုံးခြင်းသည် အရေးကြီးသည်စသည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)