မော်လမြိုင် ဖေဖော်ဝါရီ ၄
မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အတွင်းရှိဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁ ရက်က မော်လမြိုင်မြို့၊ ဖက်တန်းရပ်ပြည်နယ်ခန်းမတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ပြည်နယ်ဝန်ကြီးများ၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ကို အဖွဲ့ဝင်(၆၀)ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နေထိုင်ကြသည့် လူမျိုးပေါင်းစုံတို့၏ မတူကွဲပြား သော ကိုးကွယ်ရာ ဘာသာအချင်းချင်း အပြန်အလှန်နားလည်ယုံကြည်မှုရှိစွာဖြင့် လူနေမှုဘဝကို မြှင့်တင်စေလိုကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တင်ပြလာသည့်ကိစ္စရပ်များကို တတ်နိုင်သမျှကူညီပံ့ပိုးပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဘာသာကြီးလေးရပ်သည် ယုံကြည် ကိုးကွယ်ရာ ဘာသာအလိုက် တစ်ဦးနှင့်တစ်ဦး လက်တွဲလုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေးစိတ်ဓာတ်ပျံ့နှံ့စိမ့်ဝင်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘာသာကြီးလေးရပ်မှ ကိုယ်စားလှယ်များအတွက် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းသည်။ ဆက်လက်ပြီး ဗုဒ္ဓဘာသာအဖွဲ့၊ ခရစ်ယာန်ဘာသာအဖွဲ့၊ အစ္စလာမ်ဘာသာအဖွဲ့နှင့် ဟိန္ဒူဘာသာအဖွဲ့တို့မှ ကိုယ်စားလှယ် များက ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြ ရာ၊တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)