ဇေယျာသီရိ ၊ ဖေဖော်ဝါရီ ၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံး၊ ဦးစီးအရာရှိ ဦးစန်းလွင်မှ ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ စာအုပ်စာစောင်နှင့် စာအုပ်စင်လှူဒါန်းပေးအပ်ပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့က ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
လှူဒါန်းပေးအပ်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ နေပြည်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန့်က အဖွင့်အမှာစကားပြောကြားရာတွင် အခမ်းအနားကို တက်ရောက် လာကြသည့် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်မိသားစုများကို ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းနှင့် အလှူရှင်အနေဖြင့် စာအုပ်စာပေများသည် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အထောက်အကူ ဖြစ်စေ၍ တူညီသည့် အကျိုးကျေးဇူးကို ရရှိစေပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် စာကြည့်တိုက်လုပ်ငန်းဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်နေသကဲ့သို့ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ပြည်သူ့စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်များနှင့် အလူမီနီယံ သံစင်ကိုလှူဒါန်းပေး၍ ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဇေယျာသီရိမြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အလှူရှင်ဦးစီးအရာရှိ ဦးစန်းလွင်က စာအုပ်စာစောင်နှင့် စာအုပ်စင်ပေးအပ် လှူဒါန်းခဲ့ရာ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးက လက်ခံရယူခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇေထက်အောင်တို့က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။
ဦးအေးလင်းထွန်း မြို့နယ်(ပြန်/ဆက်)