ကျောက်ဆည် ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သန့်ရှင်းသာယာလှပစေရးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကြက်မင်းတွန်ရပ်ကွက် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးပတ်လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူပြီးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၆.၉၄၉) သန်း အကုန်အကျခံကာ သတ်မှတ် ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍ အရှည်(၆၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းကြောင့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ပတ်ဝန်းကျင် တွင် သန့်ရှင်းသာယာသွားမည်ဖြစ်ပြီး ကြက်မင်းတွန်ရပ်ကွက်အတွင်းမှ အိမ်ထောင်စု (၆၉၂)စု၊ လူဦးရေ (၄၀၂၇) ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ပိုမိုတိုးတက် လာတော့မည် ဖြစ်ကြောင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံ ငွေများဖြင့် မြို့တွင်းလမ်း/တံတားများ ပြုပြင်ဆောက်လုပ်ပေးခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန် ရေး ဆောင်ရွက်ပေးခြင်း၊ လမ်းဘေးဝဲ/ယာများတွင် ပန်းအလှပင်များ၊ အရိပ်ရ အပင်များစိုက်ပျိုးပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)