မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) ဖြင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေများပေးအပ်

မိုးကုတ်  သြဂုတ်၂၇

မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁၂ နာရီခွဲက မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှမိုးဦးမှအဖွင့်အမှာစကားပြောကြားပြီး တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို သမရိုးကျအတိုင်း နည်းလမ်းဟောင်းများကိုသာအသုံးမပြုဘဲ စိုက်ပျိုးရေးဦးစီးဌာနမှာ အခါအားလျော် စွာထုတ်ပြန်သည့်နည်းပညာများ၊ စိုက်ပျိုးနည်းစနစ်များအား လိုက်နာကျင့်သုံးကာ အထွက်တိုးသည့်မျိုးစပါးများ၊ အရည်အသွေးကောင်းသည့်မျိုးစပါးများ ဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်စေလိုကြောင်းပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်နွယ်မှ ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် တောင်သူတစ်ဦးချင်းစီအား သတ်မှတ်ချက်များနှင့်အညီ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ပြီးပထမအသုတ်အနေဖြင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူ (၁၁)ဦးရှိကာ စုစုပေါင်းငွေကျပ် (၂၅) သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးမှလည်း ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

 ကျော်ဇေယျာမြင့်