လွိုင်လင် မတ် ၁
ပင်လုံမြို့သည် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် ၊ လွိုင်လင်မြို့နယ်အတွင်း တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၄၄၄၀)တွင် တည်ရှိကာ တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့် အေးချမ်းသာယာသော မြို့တစ်မြို့ဖြစ်သည်။ “ပင်လုံ” ဟူသည့် မြို့၏အမည်ကို မြန်မာပြည်သူ များအားလုံး ကြားဖူးသိဖူးကြမည် ဖြစ်ပါသည်။ မြန်မာ့လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုနှင့် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထင်ရှားကျော်ကြားသည့် မြို့တစ်မြို့ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများက မြန်မာ့လွတ်လပ်ရေးကို အရယူရန် တောင်တန်းပြည်မ ပူးပေါင်းရေးစာချုပ် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြသည့် တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သည်။
နိုင်ငံတော်မှ လွန်ခဲ့သော (၁၇)နှစ်ကာလများတွင် နိုင်ငံတစ်ဝှမ်း အကြားအလတ်မရှိ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ ဖွံ့ဖြိုးရေအထူးဒေသကြီး (၂၄)ခု သတ်မှတ်ပေးရာ ပင်လုံဒေသသည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ သည်။ ပင်လုံမြေမှ တိုင်းရင်းသား စုပေါင်းသွေးစည်းညီညွတ်မှုကို ပြသကာ မြန်မာ့လွတ်လပ်ရေး ရရှိခဲ့ခြင်းကို ဂုဏ်ပြုသောအားဖြင့် (ဂုဏ်ပြုခံပင်လုံ)ဒေသအတွက် ပင်လုံတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)၊ နည်းပညာ တက္ကသိုလ်(ပင်လုံ)၊ မိုက်ခရိုဝှေ့စ် တစ်ခုနှင့် ကုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံ တစ်ရုံတို့ကို ဖွင့်လှစ် တည်ဆောက်ပေးခဲ့သည်။ ထိုနေ့ ထိုရက် ထိုအချိန်မှစ၍ ပင်လုံဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်များမှာ မျက်ဝါး ထင်ထင်တွေ့မြင်လာခဲ့ရသည်။ ဖွံ့ဖြိုးတိုးတက်မှု အရှိန်သည် ရပ်တန့်မနေဘဲ ယနေ့ (၂၁)ရာစုမှသည် နောင်ရာစု နှစ်ပေါင်းများစွာအထိ ဆက်လက်ဖွံ့ဖြိုးတိုးတက်နေဦးမည်ဖြစ်သည်။
ပင်လုံတက္ကသိုလ်…..
ပင်လုံတက္ကသိုလ်သည် ပင်လုံမြို့၏ မြောက်ဘက် (ပင်လုံ-လဲချား) ကားလမ်းမကြီး နံဘေးမှ (၂၀၆)ဧက ကျယ်ဝန်း သည့် ကုန်းမြင့်မြင့်နေရာတွင် တည်ဆောက်ထားသည်။ ပင်လုံတက္ကသိုလ်ကို ၂၀၀၂ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့၌ ဖွင့်လှစ်နိုင်ခဲ့ရာ ၂၀၂၀ ခုနှစ် ဖောဖော်ဝါရီလ (၁၁) ရက်နေ့တွင် (၁၇)နှစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထို(၁၇)နှစ်တာကာလအတွင်း ပင်လုံတက္ကသိုလ်မှ ဘွဲ့ရ မောင်မယ်(၂၀၉၂)ဦးကို နိုင်ငံတော်အတွက် မွေးထုတ်ပေးနိုင်ခဲ့ပြီး လုပ်ငန်းဌာန နယ်ပယ်ဒေသ အသီးသီးတွင် လည်းကောင်း၊ ပြည်တွင်းပြည်ပလုပ်ငန်းများ၊ ပုဂ္ဂလိကလုပ်ငန်းများတွင် လည်းကောင်း တာဝန်ထမ်းဆောင်နေ ကြပြီဖြစ်ကြောင်းသိရ၍ ဒေသတွင်းမှ တိုင်းရင်းသားများအတွက် ဂုဏ်ယူစရာများပင်ဖြစ်သည်။
နိုင်ငံတော်အစိုးရမှ ဒေသတွင်းနိုင်ငံများနည်းတူ အဆင့်မြင့်ပညာရပ်များကို သင်ကြားနိုင်ရန် ပညာရေးပြုပြင် ပြောင်းလဲမှု မူများချမှတ်ကာ ပညာရေးအသုံးစရိတ်များကို တစ်နှစ်ထက်တစ်နှစ် ပိုမို၍ ခွင့်ပြုပေးခဲ့ကြောင်း လေ့လာ သိရှိရသည်၊၊ ပင်လုံတက္ကသိုလ်သည် တိုင်းရင်းသားပေါင်းစုံ ပညာဆည်းပူးရာနေရာဖြစ်သည်။ တက္ကသိုလ်ဝင်တန်း အောင်မှတ်များနှင့် ကိုက်ညီပြီး မိမိတို့ဝါသနာပါသည့် ဘာသာရပ်များကို သင်ယူနိုင်ကာ အခြားဒေသများသို့ သွားရောက်သင်ယူစရာမလိုဘဲ ဤတက္ကသိုလ် ဤဒေသတွင်းမှာသာ အဆင့်မြင့်ပညာရပ်များကို လေ့လာသင်ယူနိုင် ကြပြီဖြစ်သည်။ ထို့အပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနကို ၂၀၀၄ ခုနှစ်၊ ဇွန်လတွင်လည်းကောင်း ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ပင်လုံ)ကို ၂၀၀၉ ခုနှစ်၊ မေလတွင်လည်းကောင်း ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ပင်လုံတက္ကသိုလ်မှ လက်ခံ သင်ကြားပေးနေသည့် ဌာနများမှာ မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ ပထဝီဌာန၊ သမိုင်းဌာန၊ သင်္ချာဌာန၊ စီပွားရေး ပညာဌာန၊ အရှေ့တိုင်းပညာဌာန၊ ဒဿနိကဗေဒဌာန၊ ဉပဒေပညာဌာန၊ ဓာတုဗေဒဌာန၊ ရူပဗေဒဌာန၊ ရုက္ခဗေဒဌာန၊ ဘူမိဗေဒဌာန၊ သတ္တဗေဒဌာန ဟူ၍ ဌာန(၁၄)ခုကို သင်ကြားပေးနေကြောင်း သိရသည်။ ထို့အပြင် နေ့သင်တန်း တက်ရောက်ရန် ခက်ခဲသည့် ကျောင်းသူ/ကျောင်သားများအတွက် အဝေးသင်ဌာနကို ဖွင့်လှစ်ပေးထားကာ အဝေးသင် သင်တန်းများကို ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။ ယခုနှစ် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသူ/ကျောင်းသား နေ့ကျောင်းသား(၉၉၀)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည်။ ဝေးလံသည့် ဒေသမှ ကျောင်းတက်ရောက်နေကြသည့် ကျောင်းသား /ကျောင်းသူများအတွက် ပင်လုံတက္ကသိုလ်ကျောင်းဝင်းအတွင်းတွင် ကျောင်းသူ(၁၆၀)ဦး နေထိုင်နိုင်သည့် အဆောင်တစ်ဆောင်နှင့် ကျောင်းသား(၁၆၀)ဦးနေထိုင်နိုင်သည့် အဆောင် တစ်ဆောင်ကိုလည်း ခွင့်ပြုနှစ်တွင် တည်ဆောက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။ ပင်လုံတက္ကသိုလ်တွင် ဆရာ ဆရာမဦးရေ(၁၆၁)ဦးနှင့် ဝန်ထမ်း(၁၀၁)ဦး၊ စုစုပေါင်း(၂၆၂)ဦးဖြင့် စီမံလုပ်ငန်းများ၊ သင်ကြားရေး လုပ်ငန်းများ လည်ပတ်နေကြောင်း၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ နေထိုင်နိုင်ရန် အဆောင်(၃)ဆောင်နှင့် ဝန်ထမ်းအိမ်ရာ (၃၆)လုံး ရှိကြောင်း သိရသည်။
ပင်လုံတက္ကသိုလ်တွင် ပညာသင်ကြားနေကြသည့် ကျောင်းသား/ကျောင်းသူများအတွက် အသိပညာ အတတ်ပညာ များပေးဝေနေပြီး စာပေ၊ ဂီတ၊ အနုပညာ၊ အားကစားနှင့် အခြားသော အသင်းအဖွဲ့အလိုက် စုပေါင်းလုပ်ဆောင် ကြရသည့် ကင်းထောက်၊ ကြက်ခြေနီ၊ လုပ်ငန်းများကိုလည်း သင်ကြားပေးလျက်ရှိသည်။ ပင်လုံတက္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ အားကစားပြိုင်ပွဲ၊ ဈေးရောင်းပွဲ၊ ဆရာကန်တော့ပွဲ စာပေဆိုင်ရာပြိုင်ပွဲများကို ကျင်းပ ပေးပြီး ထူးချွန်ထက်မြက်သူများကို ဆုချီးမြှင့်ပေးကြသည်။
(၁၇)နှစ်မြောက် ပင်လုံတက္ကသိုလ် နှစ်ပတ်လည်နေ့ အခမ်းအနားဖွင့်ပွဲနှင့် ဈေးရောင်းပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့ ၊ နံနက်(၁၀) နာရီက ပင်မဆောင်အောက်ဆုံးထပ်ရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပင်လုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ နွယ်နွယ်ယဉ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်၊၊ ယင်းနောက် ကျောင်းသား/ကျောင်းသူများက တေးသီချင်း သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေ ကြပြီးနောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာ နွယ်နွယ်ယဉ်မှ အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်များ ပင်လုံတက္ကသိုလ် မေဂျာ အလိုက် စားသောက်ဖွယ်ရာများ၊ အမှတ်တရပစ္စည်းများ ရောင်းချနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ယနေ့အချိန်အခါတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပင်လုံဒေသသည် လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စ များတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာသလို အဆင့်မြင့်ပညာများကို အလွယ်တကူသင်ကြားနိုင်ကြ၍ ဒေသခံများ အတွက် အင်မတန်မှ တန်းဖိုးရှိသော အချိန်ကာလ များပင်ဖြစ်ပါသည်။ ထို့အပြင် နယ်မြေဒေသအခြေအနေများ သည်လည်း ယခင်နှင့်မတူ ဒေသတွင်းအားလုံးလိုလိုပင် တည်ငြိမ်အေးချမ်းလာနေပြီဖြစ်သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်မလုံဒေသတွင် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခု၊ နည်းပညာတက္ကသိုလ်တစ်ခု၊ ကွန်ပျူတာ တက္ကသိုလ်တစ်ခု၊ နည်းပညာအထက်တန်းကျောင်း တစ်ကျောင်းနှင့် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန) တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းများကြောင့် အနာဂတ်နိုင်ငံတော်အတွက် ပညာတတ်လူငယ်မောင်မယ်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ဆက်လက်၍လည်း မျိုးဆက်သစ်လူငယ်မွေးထုတ်ပေးနေဦးမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။
မိုးလွင်ဦး(လွိုင်လင်)