ကျောက်ဆည်မြို့နယ်တွင် နောင်ခမ်းဆည်မှ သီးနှံမျိုးစုံ(၂၂၃၁)ဧက ရေပေးဝေနေသည့် ကဒူးမြောင်း ရေသွင်းတံခါးအား ပြန်လည်ပြုပြင်

ကျောက်ဆည်    ဖေဖော်ဝါရီ   ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နောင်ခမ်းဆည်မှ သီးနှံမျိုးစုံ(၂၂၃၁) ရေပေးဝေနေသည့် သံရွာကျေးရွာအုပ်စု၊ နောင်ခမ်း ကျေးရွာအနီးရှိ ကဒူးမြောင်းရေသွင်းတံခါးအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်းသိရသည်။

လုပ်ငန်းများဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၂၂)သန်း အကုန်အကျခံကာ အမြင့်(၄)ပေ၊ အကျယ်(၃)ပေ၊ ထု(၂)လက်မအရွယ်အစားရှိ သံရေတံခါးတစ်ချပ်နှင့် အလျား(၁၄)ပေ၊ အနံ (၁၇)ပေ၊ ထု(၉)လက်မရှိ ပျက်စီးနေသည့်  ရေသွင်းတံခါး ကွန်ကရစ်ကြမ်း ပြင်ခင်းခြင်း၊ အရှည်(၇၈)ပေ၊ အမြင့်(၅)ပေ၊ ထု(၉)လက်မရှိ မြောင်းနှုတ်ခမ်းဝဲ/ယာ ကျောက်စီ ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများ ပြီးစီးသွားပါက သီးနှံမျိုးစုံ(၂၂၃၁)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ရေစီးရေလာ အဟန့်အတားမရှိ သတ်မှတ်ရေ ပမာဏပြည့်ဝစွာ ရေများပေးဝေနိုင်မည်ဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် သီးနှံများစိုက်ပျိုးရာတွင် ရေအလေအလွင့်နည်းပါးစွာဖြင့် စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေ များဖြင့်မြောင်းများပြန်လည်ပြုပေးခြင်း၊ ရေပေးပြွန်များ အသစ်ပြောင်းလဲတပ်ဆင်ပေးခြင်း၊ ရေကျအဆောက်အအုံများနှင့် ရေတံခါးများ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။

သက်မောင်(ကျောက်ဆည်)