နမ့်ခမ်း ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ ယနေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ များက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်လာမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျဘန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့တွင် ကျင်းပသည့်ပြိုင်ပွဲများသည် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းတွင်း အဆင့် ပြိုင်ပွဲကို ယမန်နေ့တွင် ကျင်းပခဲ့ပြီး ကျောင်းတွင်းအဆင့် ပြိုင်ပွဲမှ ရွေးချယ်ခံရသူများက ယနေ့နံနက်(၁၀)နာရီအချိန် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပြိုင်ပွဲများ ကျင်းပခဲ့ သည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲတွင် အခြေခံ ပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အဆင့်မှ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူ (၄၄)ဦးနှင့် အခြေခံပညာအထက်တန်းအဆင့် ကျဘန်း စကားပြောပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ(၆)ဦးတို့မှ လာရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများ ကျင်းပရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိကြောင်းကို မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်သွင်ထံ သိရသည်။
ယနေ့ကျင်းပသည့် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပြိုင်ပွဲအသီးသီးမှ ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်ကြိမ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)