ပူတာအိုခရိုင်၌ ရွှေ့ပြောင်းတောင်ယာစနစ်မှ သီးနှံသစ်တော ရောနှောစိုက်ခင်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းချက်

ပူတာအို ဖေဖော်ဝါရီ  ၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်သည် ဝမ်းစာအတွက်သာ ဖူလုံစေသည့် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးသည့် စနစ်မှတောင်သူများ အတွက် စိုက်ပျိုးစီးပွားအရ ဝင်ငွေရသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ၂၀၂၁ ခုနှစ်မှစတင်ပြီး သီးနှံသစ်တောရောနှော စိုက်ပျိုးသည့် စနစ်အား စိုက်ပျိုးရေး ဦးစီးဌာနမှဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

ယခင်က စပါး၊ ပဲ၊ ပြောင်းစသည့် နှစ်ချင်းသီနှံများသာ တောင်ယာစိုက်ပျိုးမြေများတွင် စိုက်ပျိုးခဲ့ကြသည်။ သီးနှံသစ်တောရောနှော စိုက်ပျိုးသည့် စနစ်အရ စိုက်ပျိုးလက်စ နှစ်ချင်း သီးနှံများနှင့်အတူ ဒေသအတွင်း ကောင်းစွာပေါက်ရောက်ရှင်သန်ပြီး စေျးကွက်ဝင် သီးနှံများ ဖြစ်သည့် ဂရိတ်ဖရု၊ ဘုရင်သီး၊ သွေးသီး၊ မနီအိုလာ၊ ဝါရှင်တန်စသည့် ရှောက်၊ သံပရာ၊ လိမ္မော်မျိုးရင်းဝင် နှစ်ရှည်အပင်များကို ရောနှောစိုက်ပျိုးသည့် စနစ်ဖြစ်ပါသည်။ ယခုလို နှစ်ရှည်အပင်များနှင့်အတူ လိုက်လျောညီထွေ ရောနှောစိုက်ပျိုးနိုင်ရန် မိုးရာသီတွင် စပါး၊ ပဲ၊ ပြောင်းစသည့် ရာသီပေါ်သီးနှံအပင်များအပြင် ဆောင်းရာသီသီးထပ်အဖြစ် ဒေသဆီဖူလုံရန် အထောက်အပံ့ပေးမည့် ဒေသတွင်းစိုက်ပျိုးလက်စ ဆီမုန်ညှင်းကို နှစ်ရှည်သီးနှံများနှင့်အတူ တွဲဖက်စိုက်ပျိုးသည့် နည်းစနစ်ဖြစ်ပါသည်။ ရွှေ့ပြောင်းတောင် ယာစနစ်မှ တောင်သူများ ဝင်ငွေတိုးလာပြီး သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုစေမည့် သီးနှံရောနှောစိုက်ခင်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများက ယခုလို ပြောကြားခဲ့သည်။

ဦးဌေးလွင်(ပြည်နယ်ဦးစီးမှူး)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကချင်ပြည်နယ်

ရွှေ့ပြောင်းတောင် ယာစနစ်ကနေ သီးနှံရောနှောစိုက်ပျိုးတဲ့စနစ်ကို ကျွန်တော်တို့ တစ်ဖြည်းဖြည်း ပြောင်းလဲစိုက်ပျိုးမယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာကြီးပူနွေးလာတဲ့ ပြဿနာတွေ တစ်ဖြည်းဖြည်း လျော့နည်း သွားပြီးတော့ ရာသီဉတုဖောက်ပြန်မှုတွေကိုလည်း ကြိုတင်ဟန့်တား ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ နောက်တောင်သူတွေအနေနဲ့ကလည်း နှစ်ချင်းသီးနှံတစ်ခုကိုပဲ အားထား ပြီးတော့ စိုက်ပျိုးမယ်ဆိုရင် မိသားစုဝင်ငွေ မလောက်မငနဲ့ ဝမ်းစာဖူလုံရုံလောက်ပဲ ရှိတဲ့အတွက် ဒါကိုကျွန်တော်တို့ Agroforesty စနစ်ကို ပြောင်းလဲစိုက်ပျိုးမယ်ဆိုရင် တောင်သူတွေရဲ့ ဝင်ငွေတွေလည်း တိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီစနစ်ကို ဝိုင်းဝန်း အကောင်အထည်ဖော် သွားကြဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။

မြစ်ကြီးနား-ပူတာအိုနေ့ချင်းပေါက် ကားလမ်းကောင်းမွန်လာတာက ပူတာအိုဒေသတွင်းက ကုန်စည်တွေ စေျးကွက်ရောက်နိုင်တဲ့ အခွင့်အလမ်းကို ပိုမိုရရှိစေပြီး တန်ဖိုးမြှင့်တက် လာစေပါတယ်။ ဒါကြောင့် ဝမ်းစာဖူလုံဖို့အတွက်သာ စပါး၊ ပဲ၊ ပြောင်း တွေကို စိုက်ပျိုးလာရာကနေ စေျးကောင်းရလာတဲ့ ဂရိတ်ဖရုစတဲ့ သီးနှံတွေကိုရော နှောစိုက်ပျိုးလာဖို့ တောင်သူတွေက စိတ်ကူးရလာကြပြီး စိုက်ပျိုးရေး ဦးစီးဌာနက သီးနှံသစ်တော ရောနှောစိုက် ပျိုးနိုင်တဲ့ နည်းပညာတွေ အချိန်ကိုက်ပေးလာတဲ့အချိန်မှာ တောင်သူတွေက ဝမ်းပန်းတသာနဲ့ပူးပေါင်းဆောင်ရွက် လာကြပါတယ်။

ဦးလှဆိုင်း(သီးနှံသစ်တောရောနှောစိုက်ပျိုးသူ)၊ မချမ်းဘော့မြို့နယ်

ကျွန်တော်တို့ ဌာနဆိုင်ရာနဲ့ ပူးပေါင်းလိုက်တော့ ကျွန်တော်တို့မျိုးတွေက စိုက်ပျိုးရေးကနေ ကျွန်တော်တို့ ရထားတယ်။ မြေဩဇာတွေ၊ နောက်ပိုင်း မြေဩဇာတွေလုပ်ဖို့ကလည်း ဌာနကနေ ပညာပေးတာပေါ့နော်။ အဲ့ဒါမျိုး အကျိုးအမြတ်ကရှိတယ်။ ကျွန်တော်လည်း ပထမက စိုက်ပျိုးရေးမန်နေဂျာနဲ့ ညှိလိုက်တာ။ နှစ်ရှည်ပင်နဲ့ ဒီအပင်ကို ဒီလိုစိုက်ဖို့ ပထမက ရည်ရွယ်ချက်ရှိတယ်။ အဲ့ဒါနဲ့ စိုက်ပျိုးရေး မန်နေဂျာနဲ့ ညှိပြီးတော့မှ ကျွန်တော်တို့ကလည်း ဒီလိုတောင်သူပညာပေးအနေနဲ့ လုပ်ဖို့အစီအစဉ်ရှိလာလို့ ကျွန်တော်လည်း စိုက်ပျိုးလိုက်တာပါ။ သီးနှံသစ်တောရော နှောစိုက်ခင်းစီမံကိန်းကို ဆွမ်ပရာဘွမ်နဲ့ မချမ်းဘော့မြို့နယ်က တောင်သူများနဲ့ပူးပေါင်းပြီး ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလမှ၂၀၂၇ ခုနှစ် ဇွန်လအထိ ဆောင်ရွက်သွားဖို့ရှိသလို စိုက်ဧကတွေတိုးချဲ့လာနိုင်ဖို့ကိုလည်း စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် နည်းပညာပေး ဆောင်ရွက်သွားဖို့ရှိပါတယ်။

ဖုန်ကန်(ပူတာအို)