ဒေါပုံမြို့နယ်တွင် ဒေါပုံစျေး၊ ရတနာစျေးအတွင်း Mask Campaign ပြုလုပ်ခြင်း၊ အသိပညာ ပေးခြင်းများ ဆောင်ရွက်

ဒေါပုံ ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မင်းအေး၏ လမ်းညွှန်မှုအရ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွား ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးစေရေး ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ပူးပေါင်းအဖွဲ့ဖြင့် Mask Campaign ပြုလုပ်၍ (Mask) များကို အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ဒေါပုံဈေး၊ ရတနာဈေးအတွင်းတွင် ဈေးဝယ်၊ ဈေးသည်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ နေထိုင်၊ လုပ်ကိုင်၊ သွားလာစေရေး အသိပညာပေးခြင်း၊ ဒေါပုံဈေး၊ ရတနာစျေးအတွင်း ဈေးဆိုင်ခန်း ရောင်းချနေ သူများ၊ စျေးဝယ်သူ မိဘပြည်သူများထံ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ပါ ကြောင်းနှင့် Mask (၈၀၀)ခုကို (အခမဲ့) ဖြန့်ဝေပေးကြပြီး ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကြရန် အသိပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)