တုံတာမြို့၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်/စာစောင် ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ

တုံတာ ဖေဖေါ်ဝါရီ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ စာအုပ်/စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပရာတွင် တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်လှိုင်လှိုင်ငြိမ်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့်တုံတာမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုဆွေမှ  စာဖတ်ခြင်း၏ အကျိုး ကျေးဇူးအကြောင်းများကို ဟောပြော ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်/စာစောင်များ၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပရခြင်းမှာ ကျောင်းသား/ကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံများ သိရှိစေရန်၊ စာအုပ်စာပေများ လေ့လာဖတ်ရှုမှတ်သားတတ်သည့် အလေ့အထကောင်းများဖြစ်ပေါ် လာစေရန်၊ အထွေထွေဗဟုသုတများရရှိလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်လှိုင်ငြိမ်း (တုံတာ)