ကော့မှူး ဖေဖော်ဝါရီ ၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှု ကော်မတီဝင်အသစ် ပြန်လည်ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန Community Centre ၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ဇာခြည်စိမ့် က မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီကို ၂၀၂၀ ပြည့်နှစ် မေလ ၁၇ ရက်နေ့တွင် အဖွဲ့ဝင် (၇) ဦးဖြင့် ဖွဲ့စည်းထားခဲ့ပြီး ယခင်ဖွဲ့စည်းထားသော အဖွဲ့ဝင်များအနေဖြင့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီတွင် ပြန်လည်ပါဝင်ဆောင်ရွက်လိုခြင်း ရှိ၊ မရှိ မေးမြန်းခြင်း၊ ဆက်လက်ပါဝင် ပေးမည့်သူများကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များ ပိုမိုရှင်သန် ခိုင်မာစေရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေ လိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင် (မြိုင်တင်လှိုင်)က ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ယနေ့ခေတ် လူငယ် များအနေဖြင့် အင်တာနက်၊ ဂိမ်း အသုံးပြုသူများပြားလာသည့်အတွက် စာပေကို အာရုံစိုက်လာအောင် မိမိတို့အဖွဲ့အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြား ခဲ့သည်။
အဆိုပါ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ ရွေးချယ်ပွဲတွင် မြို့နယ် စာကြည့်တိုက် ကြီးကြပ်မှု ကော်မတီ (၇)ဦးဖြင့် ဖွဲ့စည်းခဲ့ရာဥက္ကဋ္ဌအဖြစ် ဦးတင်လှိုင် (စာရေးဆရာ မြိုင်တင်လှိုင်)၊ အဖွဲ့ဝင်များ (၅)ဦးပါဝင်ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဇာခြည်စိမ့်က အတွင်းရေးမှူးအဖြစ် ပါဝင်ဆောင်ရွက် သွားမှာဖြစ်ကြောင်း သိရသည်။
ခင်ဇော်ကော့မှူး