မိတ္ထီလာ ဖေဖော်ဝါရီ ၄
မိတ္ထီလာမြို့ နယ်သံဃနာယကအဖွဲ့များ သက်တမ်းပြည့်အနားယူခြင်း၊ လစ်လပ်နေရာ အစားထိုးခြင်းနှင့် မြို့နယ်သံဃာ့ဝန်ဆောင်နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ နံနက် ၉နာရီအချိန်က နန်းတော်ကုန်း ရပ်ကွက်ရှိ သဒ္ဓမ္မဝံသာရုံကျောင်းတိုက်၊ သဒ္ဓမ္မပရိယတ္တိဗိမာန်တွင် ကျင်းပကြောင်း သိရသည်။
အဆိုပါ မြို့နယ်သံဃာ့ဝန်ဆောင်နှစ်ပတ်လည်အစည်းအဝေးတွင် သဘာပတိဆရာတော် မန္တလေးတိုင်း ဒေသကြီး သံဃနာယကအဖွဲ့ဝင် သဒ္ဓဓမ္မဝံသာရုံကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တနန္ဒဝံသက အစည်းအဝေးအဖွင့်ဩဝါဒကထာ မြွက်ကြားသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ အစည်းအဝေးတွင် မြို့နယ်သံဃနာယက အဖွဲ့အား (ဥက္ကဋ္ဌ)ဘဒ္ဒန္တကေသရ (သာသနဝေပုလ္လကျောင်း)၊ (ဒုတိယဥက္ကဋ္ဌ) ဘဒ္ဒန္တ ဩဘာသာ (အိုင့်အနောက်ကျောင်း)၊ (အတွင်းရေးမှူး) ဘဒ္ဒန္တဝိလာသ (ပထမကျော် ကျောင်း)၊ (တွဲဘက်အတွင်းရေးမှူး) ဘဒ္ဒန္တပညာသာမိ (သဒ္ဒဓမ္မဝံသာရုံကျောင်း) တို့ ဦးဆောင်သော အဖွဲ့ဝင် ၁၅ ပါးဖြင့် ပြန်လည်ဖွဲ့စည်းခြင်း၊ လစ်လပ်နေရာများတွင် အစားထိုးရွေးချယ်ခံရသည့် မြို့နယ် သံဃနာယကဆရာတော် ဘွဲ့အမည်စာရင်းကို သဘာပတိဆရာတော်က မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးသို့ တင်သွင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ