ကိုဗစ်−၁၉ ရောဂါ ပြည်တွင်းကူးစက်မှု မြင့်မားလာခြင်းကြောင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အတွင်းရှိ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် အရေးပေါ် အစည်းအဝေး ကျင်းပ

ဒဂုံတောင် သြဂုတ် ၂၇

ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု ပြန်လည်မြင့်မားလာခြင်းကြောင့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်ရန် အရေးပေါ် အစည်းအဝေးတစ်ခုကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ COVID-19ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်မှုတွင် ကော်မတီနာယကများဖြစ်ကြသော အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်တို့က မြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်ရေး မိမိတို့အနေဖြင့် အစွမ်းကုန် ကြိုးစား ဆောင်ရွက်မည်ဖြစ်ကြောင်း နှာခေါင်းစည်း(mask)ကမ်ပိန်းများလည်း ဆက်လက် ပြုလုပ်မည်၊ ထို့ပြင် အသိပညာပေးအစီအစဉ်များကိုလည်း တိုး၍ ပြုလုပ်ကာ ထိန်းချုပ်မည် ဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်ကလည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များထံမှတစ်ဆင့် ရပ်ကွက်အတွင်း လူဝင်လူထွက်များကို အသေးစိတ် ကြီးကြပ်ဆောင်ရွက်မည် ဖြစ်ပြီး  ရပ်ကွက်များအတွင်းလည်း အသိပညာပေးခြင်း များ ကို တိုး၍ ပြုလုပ်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့အစည်းများကလည်း သံသယရှိလူနာများရှိပါက ကူညီပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပါကြောင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ပူးပေါင်းဆောင်ရွက်ရန် မိမိတို့အနေဖြင့် အဆင်သင့် ပြင်ဆင်ထားပါကြောင်း အပြန်အလှန် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)