(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ ကျောင်းသား၊ ကျောင်းသူများအား ပညာပေးဟောပြောဆွေးနွေး

ညောင်ဦး ဖေဖော်ဝါရီ ၄

ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ညောင်ဦးမြို့ လူစည်ကားရာနေရာများဖြစ်သည့် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့် ညောင်ဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းတို့တွင်  ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီအချိန်က အခမဲ့ဖြန့်ဝေပေးခဲ့‌သည်။

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်တွင် အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့ ဆောင်းပါး၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နှုတ်ချက်၊  ကာတွန်း၊ ကဗျာ၊ ပင်လုံစာချုပ် လက်မှတ် ရေးထိုးခဲ့ကြသူများ၊ စသည့်အကြောင်းအရာများဖြင့် ဝေဝေဆာဆာ ထုတ်ဝေထားကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေရာသို့ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်နှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် တိုင်းရင်းသားများ စုပေါင်း အင်အားဖြင့် ပင်လုံစာချုပ်ချုပ် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများ ပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD