မိတ္ထီလာတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဥယျာဉ်ကျေးရွာ ရတနာမဉ္ဇူတံတားသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ

မိတ္ထီလာတွင် ( ၇၅ )နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကဆောက်လုပ်ခဲ့သောမွေကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာရှိ ရတနာမဉ္ဇူတံတားသစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်က အဆိုပါတံတားအနီးတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါတံတားဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ် ရေးမှူးဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားသည်။ အဆိုပါတံတားဆောက်လုပ်ခြင်း ဆိုင်ရာများကို ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ဝင်းက ရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူများကိုယ်စား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ဇောက ကျေးဇူးစကားပြောကြားသည်။ ထိုနောက် ရတနာမဉ္ဇူတံတားသစ်အား ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး သက်ထွဋ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် လက်ထောက်ညွှန်ကြာရေးမှူးဦး နိုင်နိုင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ အဆိုပါ ရတနာမဉ္ဇူတံတားမှာ သံကူကွန်ကရစ်၊ သံဘောင် တံတားအမျိုးအစားဖြစ်ပြီး အရှည် ၁၄ဝ ပေ ၊ အကျယ် ၁၈ ပေ နှင့် တံတားခံနိုင် ဝန် ၂ဝ တန်ဖြစ်သည်။ ၎င်းတံတားအား ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေခွင့်ပြုငွေကျပ် သန်း ၃ဝ၈ သန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတံတားပေါ်မှ မွေကျေးရွာအုပ်စုအတွင်းရှိ ဥယျာဉ်၊ ထန်းတော၊ မွေကျေးရွာများနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၂၂ ရွာမှ ဒေသခံပြည်သူများမှ ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားရေးစသည့်အကြောင်းကိစ္စများဖြင့် နေ့စဉ် ဖြတ်သန်းသွားလာ အသုံးပြုလျက်ရှိသည်။ ယခင်က အဆိုပါတံတားနေရာတွင် အလှူရှင်မိသားစုနှင့် အများစု ပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ထားသောသံကူကွန်ကရစ်တံတားမှာ မိုးရွာသွန်းမှုများပြား သည့်နှစ်တိုင်း ချောင်းရေတိုက်စားမှုကြောင့် မကြာ ခဏ ပျက်စီးယိုယွင်းမှုကြုံတွေ့ရသဖြင့် ကျေးရွာ ၂၂ ရွာမှ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေရန် ယခုကဲ့သို့ သံကူကွန်ကရစ်တံတားသစ်အားတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေဖြင့် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    

ချမ်းသာ