ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် အခြေခံပညာအလယ်တန်းအဆင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ် ဖေဖော်ဝါရီ ၄

ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကလေးငယ်များ စာပေလေ့လာဖတ်ရှုတတ်စေရေး၊ မြန်မာ့ရိုးရာ စကားပုံများကို သိရှိနားနိုင်ရေးကို ရည်ရွယ်၍ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်သည့် စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စကားပုံဆက် ပြိုင်ပွဲကျင်းပမှုနှင့်ပတ်သက်၍ ဒုတိယဦးစီးမှူး ဦးဖုန်းနိုင်က “ယခုပြိုင်ပွဲကျင်းပရတာကတော့ ကျွန်တော်တို့အနေနဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေကို စာပေဖတ်ရှုတတ်တဲ့ အလေ့အကျင့်ရအောင်၊ မြန်မာစကားပုံတွေနဲ့ ရင်းနှီးလာအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပပေးခြင်းဖြစ်ပါတယ်” ဟု ရှင်းပြသည်။

ဆက်လက်၍ အခြေခံပညာမူလတန်းအဆင့် စကားပုံဆက်ပြိုင်ပွဲကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို ဒုတိယဦးစီးမှူး ဦးဖုန်းနိုင်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး