သမိုင်းဝင်ရွှေမဉ္ဇူရေလယ်‌စေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုးညှင်း မတ် ၁

ကချင်ပြည်နယ်၊ မိုးညှင်ခရိုင်၊ အင်းတော်ကြီးမြို့အတွင်း တည်ရှိ၍ မြန်မာနိုင်ငံ၏ အကြီးဆုံးအိုင်ဖြစ်ပြီး အထက်မြန်မာပြည်၏ တန်ခိုးကြီးဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်သည့် အင်းတော်ကြီးရွှေမဉ္ဇူ ရေလယ်စေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်တွင် ဘုရားမုခ်ဦး၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားကို အစီအစဉ် ၂ ရပ်ဖြင့် ကျင်းပရာ ပထမပိုင်းအစီအစဉ်အရ မင်္ဂလာပိုဒ်စုံရတု ရွတ်ဖတ် ပူဇော်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်နှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ မုခ်ဦးမှ ရွှေမဉ္ဇူရေလယ် စေတီတော်သို့ ဆရာတော်ကြီး ၉ ပါးတို့အား ဒေဝါဝင်း၊ ရာဇာဝင်း၊ ပုဂံဝင်းနှင့် ပရိတ်သတ်များ ခြံရံလိုက်ပါလျက် ဘုရားကြီးအား လက်ယာရစ်လှည့်ပတ်၍ ဓမ္မတေးထပ်ဖြင့် ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ အစီအစဉ် ဒုတိယပိုင်းကို ရွှေမဉ္ဇူရေလယ်စေတီရင်ပြင်၌ ကျင်းပရာ နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ပြည်နယ်လွှတ်‌တော်ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ အပါအဝင် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များက ညောင်ပင်ကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ယင်းနောက် အခမ်းအနားအား အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များမှ မေတ္တာသုတ်၊ ပရိတ်တရားတော်ချီးမြှင့်ခြင်းတော်များအား နဝကမ္မနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဘုရားပွဲတော် ကျင်းပရေးကိစ္စရပ်များနှင့် ပတ်သက်၍ လျှောက်ထားခြင်းများ‌ ဆောင်ရွက်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌာတု ၃ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ပြီး‌မြောက်စေခဲ့သည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန် ရှိသူများက ဇီဝိတဒါနငါးလွှတ်ပွဲအဖြစ် ထိုင်းငါးပြေမ ကောင်ရေ ၁၂၀၀၀၀ ကို  အင်းအတွင်း လွှတ်ပေးခဲ့ကြသည်။

ရွှေမဉ္ဇူရေလယ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း(၈) ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ရိုးရာအစဉ်အလာမပျက်ကျင်းပခဲ့ရာ ယခင်နှစ်များအတိုင်း ဇာတ်သဘင်အက အဖွဲ့များ၊ ရှမ်းနီတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းများနှင့် အကအဖွဲ့များ၊ အင်းဘေးပတ်ဝန်းကျင် ကျေးရွာများမှ လှေလှော်အားကစားပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ၊ ဌာနဆိုင်ရာ များမှ ပညာပေးပြခန်းများလည်း ပွဲ‌တော်အတွင်း ထည့်သွင်းကျင်းပသွားမည်ဖြစ်‌သည်။

ဘုရားပွဲတော် ကျင်းပနေစဉ်အတွင်း အဆုတ်ရောင်ရောဂါ (2019-nCOV) ကြိုတင်ကာကွယ်ရေးအ‌နေဖြင့် ပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ထားရှိပြီး မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနအနေဖြင့်လည်း ၂၄ နာရီ ကျန်းမာ‌ရေးဝန်ဆောင်မှု လုပ်ငန်းများ‌ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)