အခြေခံကွန်ပျူတာကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲနှင့် e-Government Training Center ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးဖွင့်လှစ်သောကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲကိုတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမနှင့် e_Govemment Training Center အဆောက်အဦနှင့် ဆိုင်းဘုတ်ဖွင့်ပွဲကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ အဆိုပါ အဆောက်အဦတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ တိုင်း​ဒေကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ e_Government ​ကော်မတီဝင်များ၊ သင်တန်းဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများမှ သင်တန်းသားတက်​ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က ဝန်ထမ်းတိုင်း ဒီဂျစ်တယ် နည်းပညာ၊ ကွန်ပျူတာ၊ အင်တာနက်အသုံးချမှုနှင့် လုံခြုံရေးအခြေခံ သဘောတရားများ နားလည်တတ်ကျွမ်းပြီး ရုံးလုပ်ငန်းများတွင် ခေတ်မီအိုင်တီနည်းပညာကို အသုံးချနိုင်ရန်နှင့် e-Government လုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် တိုင်းဒေသကြီအစိုးရအဖွဲ့က e_Government Training Center ဖွင့်လှစ်ပြီး အခြေခံသင်တန်းမှ အဆင့်မြင့်အထိ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း​နှင့် ဝန်ထမ်းများအတွက် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများ၊ ပညာရှင်များ၏ ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတန်းဖတ်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးပြီး၊ နည်းပညာကျွမ်းကျင်မှု အရည်အ​သွေးကို မြှင့်တင်​ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးe-Govemment စနစ်အကောင်အထည် ဖော်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးသယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်းက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း​ပြောကြားသည်။

ယင်းနောက် ဝန်ကြီးချုပ်မှ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ e-Govemment Training Center အဆောက်အဦနှင့် ဆိုင်းဘုတ်ဖွင့်ပွဲကို တက်ရောက်ပြီး ဝန်ကြီးချုပ်မှ အခမ်းအနားအား ဖဲကြိုးဖြတ်၍လည်းကောင်း၊ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ လည်းကောင်း ဖွင့်လှစ်ပေးသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် အဆောက်အဦနှင့် သင်တန်းသား၊ သင်တန်းသူ များ၏ ကွန်ပျူတာသင်ခန်းစာ သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

​အောင်မြင့်