YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ငွေပေးချေကတ် (YPS)စနစ် ပြန်လည် အကောင်အထည်ဖော်ခြင်းထက် ယာဉ်အစီးရေများ တိုးမြှင့်ပြေးဆွဲပေးရန် ခရီးသွား ပြည်သူများက မျှော်လင့်လျက်ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့မှာ နေ့စဉ် YBS ခရီးသည်တင် ယာဉ်များစီးနင်း၍ မြို့တွင်း ခရီးသွားလာနေကြသည့် ပြည်သူများအနေဖြင့် ခရီးသွားလာကြရာတွင် ယာဉ်အကူ (စပယ်ယာ)များနဲ့ ဆက်ဆံရသည့် အခက်အခဲများ၊ ငွေအကြွေရှာရသည့် အခက်အခဲများ၊ ငွေစက္ကူ များမှတစ်ဆင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုများ စသည့် အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ YBS ခရီးသည်တင် ယာဉ်လိုင်းတွေမှာ ငွေပေးချေကတ် Yangon Payment Service (YPS)စနစ်ကို တွင်ကျယ်စွာ ပြန်လည် အသုံးပြုနိုင်ဖို့ ဒုတိယအကျော့အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သို့ပေမဲ့လည်း ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအနေဖြင့် ယခုအခါ YBS ခရီးသည်တင် ယာဉ်တွေမှာ ငွေပေးချေကတ် Yangon Payment Service (YPS)စနစ်ကို ပြန်လည် အကောင်အထည်ဖော်ခြင်းထက် အချို့သော YBS ခရီးသည်တင်ယာဉ် အစီးရေ ပြေးဆွဲမှု နည်းသော ယာဉ်လိုင်းတွေမှာ ယာဉ်အစီးရေများ လုံလုံလောက်လောက် ပြေးဆွဲပေ နိုင်ဖို့ ခရီးသည်များက မျှော်လင့်လျက်ရှိကြောင်း  ခရီးသွားပြည်သူများထံမှ သိရသည်။

ဒီ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေနဲ့ နိုင်ငံတကာအဆင့်မီအောင် YBS ခရီးသည်တင်ယာဉ်လိုင်းတွေမှာ ယာဉ်စီးခငွေပေးချေတဲ့စနစ်ကို (YPS)ကတ် စနစ်အဖြစ် ဆောင်ရွက်ပေးတာထက် ကျွန်မတို့လို နေ့စဉ်ခရီးသွားပြည်သူတွေအဖို့ တစ်ချို့ယာဉ်အစီးရေ နည်းပါးတဲ့ ယာဉ်လိုင်းတွေမှာ ယာဉ်အစီးရေတွေကို တိုးမြှင့်ပြေးဆွဲပေးစေချင်ပါတယ်။ ပြောရရင်တော့ ဒီ ကတ်စနစ်ကိုသွားဖို့ (First Step) ပထမခြေလှမ်းအနေနဲ့ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကတ်စနစ် ဆိုတာက ကားလာမှ စီးလို့ရတာလေ။ အဲအတွက် ကားတွေက လုံလုံ လောက်လောက် ပြေးဆွဲပေးနိုင်မှ လူတွေကလည်း ဒီကတ်ကို ယုံယုံကြည်ကြည်နဲ့ ဝယ်ယူပြီး စီးကြမှာလေ။ အဲဒီအခါမှာတော့ ဒီကတ်စနစ်က သက်ဆိုင်ရာ တာဝန်ရှိသူတွေ မျှော်မှန်းထားသလောက် အောင်မြင်လာနိုင်မှာပါ။ နောက်တစ်ခုက အရင်ကဆို YBSနဲ့ ခရီးသွားရတာ အချိန်ကိုမှန်းပြီး သွားလို့ရပေမဲ့ ကိုဗစ်ကာလကနေစပြီး ယနေ့အချိန်အထိ YBS စီးမယ်ဆိုရင် အရင်က သွားနေကျအချိန်ထက် တစ်နာရီလောက်ကြိုပြီး အိမ်ကနေထွက်ရပါတယ်။ အဲဒါတောင်မှ တစ်ခါတစ်လေ ခရီးစဉ်တစ်ဝက်ပဲရောက်မယ်ဆိုတဲ့ ကားက ရှိသေးတယ်။ ပြောရရင် YBS စီးရတာ အရင်ကထက် အဆင်မပြေမှုတွေ များပါတယ် ” ဟု နေ့စဉ် အလုံမြို့နယ်မှ တောင်ဒဂုံမြို့နယ်သို့ YBS ခရီးသည်တင်ယာဉ် စီးနင်းပြီး မြို့တွင်းခရီးသွားလာနေသူ ဒေါ်သန္တာဦးက ဆိုသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်တွေမှာ ငွေပေးချေကတ် Yangon Payment Service (YPS) စနစ်ဖြင့် ယာဉ်စီးခပေးချေမှုကို ၂၀၁၉-ခုနှစ် နှစ်ဦးပိုင်းကစ၍ ရန်ကုန်မြို့တွင်း ယာဉ်လိုင်းပေါင်း (၃၆)လိုင်းမှာရှိသည့် ဘတ်စ်ကားအစီးရေ (၁၉၀၂)စီးမှာ စတင်တပ်ဆင်အသုံးပြုခဲ့ရာ ခရီးသွားပြည်သူ ခြောက်သောင်းကျော်အထိ ဝယ်ယူ အသုံးပြုမှုရှိခဲ့ပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာမှုကြောင့်လည်းကောင်း၊ ဝန်ဆောင်မှုပေး နေသော Yangon Payment Service Company Limited ရပ်နားခဲ့မှုကြောင့်လည်းကောင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် YBS ခရီးသည်တင် ယာဉ်တွေမှာ ငွေပေးချေကတ် Yangon Payment Service (YPS) စနစ် အသုံးပြုမှုမှာလည်း အရှိန်အဟုန်ပြတ်သွားခဲ့ရပြီး ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ဦးဆောင်ပြီး မြို့တွင်းခရီးစဉ် ပြေးဆွဲပေးနေသည့် YBS ခရီးသည်တင်ယာဉ်လိုင်း ကုမ္ပဏီငါးခုဖြစ်သည့့် Yangon Urban Public Transportation Public Company Limited(YUPT) ၊ Yangon Bus Public Company Limited(YBPC)၊ Golden Yangon City Transportation Public Company Limited (GYCT)၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၊ လူထုမိတ်ဆွေ အများပိုင်ကုမ္ပဏီလီမိတက် စသည့် ကုမ္ပဏီငါးခုမှာရှိသည့် YBS ခရီးသည်တင် ယာဉ်အစီးရေ (၁၉၄)စီးမှာ ဒုတိယအကျော့အနေဖြင့် ငွေပေးချေကတ် Yangon Payment Service (YPS)စနစ်ကို တွင်ကျယ်စွာ ပြန်လည် တပ်ဆင်အသုံးပြုလျက်ရှိပေမဲ့လည်း ခရီးသွား ပြည်သူများအနေဖြင့် ငွေပေးချေကတ် Yangon Payment Service (YPS) စနစ် အသုံးပြုပြီး ရန်ကုန်မြို့တွင်း ခရီးသွားလာမှုမှာ မရှိသလောက် နည်းပါးကြောင်း YBS ခရီးသည်တင် ယာဉ်မောင်းတစ်ဦး ထံမှ သိရသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသော YBS ခရီးသည်တင်ယာဉ်လိုင်းများကို စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်၍ ထိရောက်သည့် စစ်ဆေးအရေးယူမှုများ ဆောင်ရွက်နေသော်လည်း တစ်ချို့သော YBS ခရီးသည်တင်ယာဉ်လိုင်းတွေမှာ ယာဉ်အကူ(စပယ်ယာ) တင်ဆောင်၍ သတ်မှတ်ယာဉ်စီးခနှုန်းထားထက် ပိုမိုကောက်ခံခြင်း၊ စည်းကမ်းမဲ့စွာ မောင်းနှင်ခြင်း၊ ခရီးစဉ်တစ်ဝက်သာ ပြေးဆွဲနေခြင်း၊ စီးနင်းလိုက်ပါ လာသည့် ခရီးသည်များအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံမှုမရှိခြင်းများကြောင့် ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများအနေဖြင့် နေ့စဉ်အခက်အခဲများစွာ ကြုံတွေ့နေရပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အပြင် YBS ခရီးသည်တင် ယာဉ်လိုင်းတွေမှာရှိတဲ့ တာဝန်ရှိသူ များနှင့် ယာဉ်မောင်းများက ခရီးသွားပြည်သူတွေကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်သည့် မြို့တွင်း ဘတ်စ်ကား ဝန်ဆောင်မှုတစ်ခု ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်လျက်ရှိကြောင်း ခရီးသွားပြည်သူများထံမှ သိရပါသည်။

နိုင်လင်းအောင်(တာမွေ)