ဝိမုတ္တိသုခဆုတောင်းပြည့်စေတီတော်မြတ်ကြီး (၁၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကား သိုက်မြိုက်စွာကျင်းပ

မိုင်းယောင်း ဖေဖော်ဝါရီ  ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာ ထေရဝါဒဗုဒ္ဒသာသနာပြုကျောင်းရှိ ဝိမုတ္တိသုခ ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ (၁၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ရေစက်ချ အလှူမင်္ဂလာ အခမ်းအနားကို ဖေဖော်ဝါရီ  ၂ ရက်နေ့က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း မြို့နယ် သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းနှင့် ဧည့်ပရိသတ်များက မိုင်းယုဆရာတော်ထံမှ ငါးပါးသီလခံယူပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိ စာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသော အမှူးပြုသော ဆရာတော်၊ သံဃာတော်များထံမှ မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ မိုင်းဟန်ဆရာတော် ဆရာတော်ထံမှ ရေစက်ချ အနုမောဒနာတရား နာကြားကြကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့သည်။

ဝိမုတ္တိသုခ ဆုတောင်းပြည့်စေတီတော် ဗုဒ္ဓပူဇနိယပွဲတွင် ရွှေဘုန်းပွင့်ရပ်တော်မူရုပ်ပွားတော်၊ တပုဿဘလ္လိက ကုန်သည်ညီနောင်အား ဆံတော်ချီးမြှင့်ခန်း ဗုဒ္ဓရုပ်ပွားတော်၊ ဗုဒ္ဓါဘိသေက အနေကဇာတင်၊ ရှင်သီဝလိရုပ်ပွားတော် ရေစက်ချအလှူနှင့် ရွှေသာလျောင်းရုပ်ပွားတော်၊ ဗုဒ္ဓခြေတော်ရာစံကျောင်းတော် ပန္နက်တော်တင် ရေစက်ချအလှူတို့ကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း