တွံတေး ဖေဖော်ဝါရီ ၂
(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခုနှစ်(၆)လ ပိုင်းဘဏ္ဍာနှစ် နှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာသူ ကျေးရွာသားများပူးပေါင်း ဆောင်ရွက်သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကိုထင်းစုကျေးရွာ၌ ယနေ့နံနက်၈နာရီက အဆိုပါကျေးရွာ၌ကျင်းပခဲ့ကြောင်း သိရသည်။
ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန့်ကြားရေးမှူး ဦးဝင်းမြင့်ဟန်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်၊အဖွဲ့ဝင်(၁)ဗိုလ်မှူးဇာနည်မောင် ၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုင်းကျော်စိုးတို့ကဖဲကြိုး ဖြတ်ဖွင့်လှစ်ခဲ့ကြပြီး တက်ရောက်သူများ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ တာဝန်ရှိ သူများက အဆိုပါကွန်ကရစ်လမ်းသစ်အားလိုက်လံကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းနှစ်လမ်းဖြစ်ပြီးအမှတ်(၁)လမ်းမှာ အရှည်ပေ(၂၈၀)ပေ၊အကျယ်(၁၂)ပေအမြင့်(၆)လက်မ၊အမှတ်(၂)လမ်းမှာအရှည်ပေ (၃၀၀)ပေ၊အကျယ် (၁၀)ပေ၊ အမြင့်(၆)လက်မထုရှိသည့်ကွန်ကရစ်လမ်းများကို ကျေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ရန်ပုံငွေဖြင့် တွံတေးမြို့နယ် ကျေးလက်မှ ကြီးကြပ်မှုဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်(၆)လဘတ်ဂျက်ဖြင့်သိန်း(၁၀၀)နှင့် ကျေးရွာနေပြည်သူ များ၏ ထည့်ဝင်ငွေကျပ်သိန်း(၈၀)ဖြင့် ၂၀၂၁ခုနှစ်ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၁၂)ရက်နေ့၌ပြီးစီးခဲ့ကြောင်း သိရသည်။
ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာနေပြည်သူများ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တွံတေးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများသည် ယခင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်ခဲ့ သော်လည်း လက်ရှိအချိန်တွင်လမ်းပန်း ဆက်သွယ်ရေးများပိုမိုကောင်းမွန်လာပြီး ကျေးရွာချင်း ဆက်ကုန်ထုတ်လမ်းများ၊ တံတားများတည်ဆောက်နေမှုကြောင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစသည့် ဘဝများဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တွံတေးသား