မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီဗုဒ္ဓပူဇနိယပွဲတော်အား ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် ယခုနှစ်တွင်ကျင်းပပြုလုပ်နိုင်ခြင်းမရှိ

မိတ္ထီလာ ဩဂုတ် ၂၇

နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သော မိတ္ထီလာမြို့သမိုင်းဝင်ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများကြောင့် ယခုနှစ်တွင် ကျင်းပပြုလုပ်နိုင်ခြင်းမရှိဘဲ ရိုးရာအစဉ် အလာအတိုင်း စေတီတော်အား အနေကဇာတင်မင်္ဂလာပူဇော်ခြင်း၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့်  လှေဦးတိုက်ပူဇော်ခြင်းတို့သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌထံက သိရသည်။

မနှစ်က ၁၃၆ ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်နိုင်ခဲ့ပေမယ့် ဒီနှစ် ၁၃၇ ကြိမ်မြောက် ဘုရားပွဲတော်ကတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့အခြေအနေတွေကြောင့် ကျင်းပပြုလုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ တော်သလင်းလဆန်း ၈ ရက်နေ့မှာ စေတီတော်ကို အနေကဇာတင်မင်္ဂလာတင်ပူဇော်တာ၊ သံဃာတော်များကို ဆွမ်းနဲ့လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းပူဇော်တာနဲ့ ဘုရားကို ရိုးရာအစဉ်အလာအတိုင်း ရန်ကင်းမောင်၊ ကြံတိုင်းအောင် လှေနှစ်စီးလှေခတ်ပြီး လှေဦးတိုက်ပူဇော်တာမျိုးပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဟု သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုက ပြောသည်။

မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော်အား နှစ်စဉ်တော်သလင်းလဆန်း ၈ ရက်နေ့မှ တော်သလင်းလပြည့်ကျော် ၂ ရက်နေ့အထိ ဆွမ်းသပိတ်လောင်းလှူပွဲ၊ မြန်မာ့ရိုးရာလှေပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ၊ ချားရဟတ်များ၊ ဘုရားပွဲဈေးတန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။

ချမ်းသာ(ပြန်/ဆက်)