ကျောက်ဆည်မြို့နယ် ဝမ်းသောင်ကျေးရွာ၌ ဒုတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (၃၁၁)သိန်းငါးသောင်းကျပ် ထုတ်ချေးပေး

ကျောက်ဆည် ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများလုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးပွားစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက်  မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီက ဝမ်းသောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒုတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (၃၁၁) သိန်းငါးသောင်းကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၆၅)ဦးအတွက် ငွေကျပ်(၁၃၉)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၈၅)ဦးအတွက် ငွေကျပ် (၁၄၆)သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ(၁၅)ဦးအတွက် ငွေကျပ်(၂၆)သိန်းငါးသောင်းကျပ် စုစုပေါင်း စီးပွားရေးလုပ်ကိုင်သူ (၁၆၅)ဦးအတွက် ငွေကျပ် (၃၁၁)သိန်းငါးသောင်းကျပ်  ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်ဝမ်းသောင်ကျေးရွာတွင် အိမ်ခြေ(၂၂၂)အိမ်၊ အိမ်ထောင်စု(၂၄၇)စု၊ လူဦးရေ (၉၇၄)ဦး နေထိုင်လျက်ရှိပြီး ဒုတိယအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ပေးခြင်းဖြင့် ကျေးရွာပြည်သူများ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေပိုမိုတိုးပွားလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)