ရန်ကုန် ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်အတွင်းရှိ စျေးများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက အရေးပေါ် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်သည့်အခါ စနစ်တကျ မီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ မီးသဘော သဘာဝများ၊ မီးအတန်းအစားအမျိုးမျိုး၊ မီးစတင် လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူး အမျိုးမျိုးအပြင် မီးငြှိမ်းသတ်ရေး ကိရိယာ အမျိုးမျိုးကို လက်တွေ့အသုံးပြု၍ စနစ်တကျ မီးငြှိမ်းသတ်နည်းများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို စျေးသူ/ စျေးသားများနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသေးစိတ် အသိပညာပေး ရှင်းလင်းဟော ပြောခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မီးလောင်မှုအကြိမ်ရေ (၅)ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီးကြောင့် တစ်ကြိမ်၊ မသမာသူများကြောင့် (၄)ကြိမ် ဖြစ်ပေါ်ခဲ့ကာ ဆုံးရှုံးမှုးတန်ဖိုး ငွေကျပ် (၈.၅၅)သန်းခန့်ရှိခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် နွေရာသီကာလ၌ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရေး အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်