ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ငါန်းဇွန် ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန် မြို့နယ်ရုံး ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ အောင်သင်း၏ “ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ” စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်း ကျင်းပကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေ ဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ အသင်းဝင်များဖြစ်သည့် မောင်အောင်ခန့်မော်က “ကျောင်းသားလူငယ်တွေ(၁)”၊ မခင်ရတနာသိန်းက “ကျောင်းသားလူငယ်တွေ(၂)”၊ မောင်နန္ဒကျော်က “ကျောင်းသား လူငယ်တွေ(၅)” နှင့် ဒေါ်သင်းသင်းဆွေက “စကားမစပ် ဖြတ်၍ပြောခြင်း” စသည့် စာရေးဆရာ အောင်သင်းရေးသားသည့် “ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုလေ့လာနားလည်မှုများအား အသိပညာဗဟုသုတများ မျှဝေ နိုင်ရန် အပြန်အလှန် ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)