မြောက်ဥက္ကလာ ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အိုင်အိုဒင်းဆား ရောင်းချမှု၊ အရည်အသွေးစစ်ဆေး ခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက (ဃ)ရပ်ကွက်၊ မေဓာဝီဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်း၍ မေဓာဝီဈေးအတွင်းနှင့် ဈေးပြင်ပရှိ ကုန်စုံဆိုင် များ၌ ရောင်းချသော အိမ်သုံးဆားများ၌ အိုင်အိုဒင်း အရည်အသွေးပြည့်မီမှု ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး အရည်အသွေး ပြည့်မီ သော ဆားများကိုသာ ရောင်းချရန်၊ အိုင်အိုဒင်းဓာတ် လေလွင့်ဆုံးရှုံးမှု မရှိစေရေး လုံခြုံစွာ ဖုံးအုပ်အသုံးပြုကြရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ အိုင်အိုဒင်းဓာတ်သည် ခန္ဓာကိုယ်ကြီးထွားစေခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်းတို့အတွက် အရေးပါသော သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရာတွင် မရှိမဖြစ်သော အာဟာရဓာတ်တစ်ခုဖြစ်ကြောင်း၊ အိုင်အို ဒင်းဓာတ်ချို့တဲ့ပါက ကိုယ်ဝန်ဆောင်မိခင်များတွင် သားပျက်၊ သားလျှောခြင်း၊ ကလေးအသေမွေးဖွား ခြင်း၊ ကလေးများ ခန္ဓာကိုယ်ကြီးထွားမှု နှေးကေွးခြင်း၊ ဉာဏ်ရည်နိမ့်ပါးခြင်းနှင့် ကလေး၊ လူကြီးမရွေး လည်ပင်းကြီးရောဂါ ခံစားရခြင်း၊ သွက်လက်မှုမရှိဘဲ ထုံထိုင်းနှေးကွေးခြင်းစသည့် ရောဂါများ ခံစားရနိုင် ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)