မော်လမြိုင် ဖေဖော်ဝါရီ ၃
မွန်ပြည်နယ်သည် မြို့ပြနှင့်ကျေးလက် ဟန်ချက်ညီစွာဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အဓိကထား လုပ်ကိုင်သည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ ကိုဗစ်-၁၉ရောဂါကြောင့် သက်ရောက်မှုများ ပြန်လည်ကုစားနိုင်ကြစေရန်ရည်ရွယ်၍ ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်းက တောင်သူပညာပေးဆွေးနွေးပွဲကို မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မြင့်က ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးသည် ဒေသခံပြည်သူများ၏ စုပေါင်း စွမ်းအားပင်ဖြစ်ကြောင်း၊ ကျေးလက်ဒေသသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို အဓိကထားဆောင်ရွက်မှသာ လူမှုစီးပွားဘဝ တိုးတက် လာမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးက စိုက်ပျိုးရေး လုပ်ငန်းနှင့်စပ်လျဉ်း၍ နွေစပါး၊ ဆောင်းသီနှံများ ဖြစ်ထွန်းအောင်မြင်ရေးသည် စိုက်ပျိုးနည်းစနစ် မှန်ကန်မှုရှိရန်လိုကြောင်း၊ စိုက်ပျိုးရေးသွင်းအားစုများကို အချိုးကျ၊အချိန်ကိုက် စနစ်တကျစိုက်ပျိုးမှသာ သီးနှံအထွက်နှုန်း အောင်မြင်ဖြစ်ထွန်းပြီး မိသားစုဝင်ငွေပိုမိုရရှိမည်ဖြစ်ကြောင်း ဆွေးနွေးပေးသည်။
ဆက်လက်ပြီး ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ ရွှေဇီဝဓါတ်မြေသြဇာစက်ရုံမှ ဒေါက်တာ ခင်ဆွေအေးက ရွှေဇီဝနှင့်ပတ်သက်၍ စနစ်တကျ သုံးစွဲနည်းများနှင့် သီးနှံထုတ်ကုန်အရည်အသွေး ကောင်းမွန်စေရေးတို့ကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းပေးပြီး ခရိုင်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တာဝန်ရှိသူက စိုက်ပျိုးစရိတ်ချေးငွေများနှင့် စပ်လျဉ်း၍ ဆွေးနွေးပေးသည်။
ထို့နောက်တက်ရောက်ကြသည့် ရိုးဂိုးကျေးရွာ၊ ဖားအောက်ကျေးရွာနှင့် ကော့ခမယ်ကျေးရွာ အုပ်စုတို့မှ တောင်သူများကကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးမှုအပေါ် သိရှိလိုသည့်အချက်များ မေးမြန်းကြရာ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)