မိုးမောက်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်

မိုးမောက်  ဖေဖော်ဝါရီ  ၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ဖေဖော်ဝါရီ(၁)ရက်နေ့  ညနေ ၃ နာရီခွဲခန့်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ လှည့်လည်နှိုးဆော်ရာတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ပါ၍ မိမိအိမ်ပတ်ဝန်းကျင်တွင် လောင်စာအမှိုက်သရိုက်များ ရှင်းလင်းထားရန်၊ မိမိနေအိမ်နှင့် အိမ်ဥပစာအတွင်း ခွင့်ပြုချက်မရှိဘဲ လောင်စာဆီသိုလှောင်ခြင်းမပြုလုပ်ရန်၊ လောင်စာဆီများဖြစ်သော ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ စက်သုံးဆီများကို စင်ပြုလုပ်ပြီး ပုလင်းထောင်၍ လမ်းဘေးဝဲယာများတွင် ရောင်းချခြင်းမပြု လုပ်ရန်၊ လျှပ်စစ်ဓာတ်အားကို သတ်မှတ်ထားသော ခံနိုင်ရည်အားထက်ပိုမသုံးရန်၊ ပေါက်ပြဲဆွေးမြေ့နေသော လျှပ်စစ်မီးကြိုးများအသုံးမပြုရန်၊ အိမ်တွင်လူမရှိသောအခါ လျှပ်စစ်မိန်းခလုတ်ပိတ်ထားရန်၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအား ထမင်းဟင်းချက်ပြုတ်ခြင်း မပြုလုပ်စေရန်၊ လူမရှိဘဲ မီးလုံးဝအသုံးမပြုရန်၊ မီးဖိုမီးသုံးစွဲပြီးပါက မီးကြွင်းမီးကျန်များ အားလုံး ငြှိမ်းသတ်ထားရှိရန်၊ မီးသုံးစွဲချိန်အား နံနက် ၄ နာရီမှ နံနက် ၁၀ နာရီအတွင်းနှင့် ညနေ ၄ နာရီမှ ည ၈ နာရီအတွင်းသာ အသုံးပြုကြရန်၊ လေပြင်းတိုက်ချိန်တွင် မီးဖိုမီးလုံးဝအသုံးမပြုရန်၊ အမှိုက်များကို စည်းကမ်းမဲ့မီးမရှို့ကြပါရန်နှင့် မီးရှို့မည်ဆိုပါက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားကြပါရန်၊ အိမ်တိုင်းတွင် အရေးပေါ်မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများဖြစ်သော မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ ရေပုံးနှင့် မီးသတ်ဆေးဗူးများ အဆင်သင့်ဆောင်ထားရှိရန် စသည့်ညွှန်ကြားချက်များအား မိဘပြည်သူများမှ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။   

မြို့နယ်(ပြန်/ဆက်)