ကျောက်ဆည်မြို့၌ မြို့နယ်အဆင့် အခြေခံကျန်းမာရေးဝန်ထမ်းများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရေးသင်တန်း ဖွင့်လှစ်

ကျောက်ဆည် ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အဆင့် အခြေခံကျန်းမာ ရေးဝန်ထမ်းများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပေးသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာ အောင်ရဲကျော်က သားအိမ်ခေါင်းကင်ဆာနှင့်ပတ်သက်၍သိရှိစေရန် အခြေခံအချက်အလက်များ၊ ရောဂါလက္ခဏာများ၊ ကူးစက်ပုံများ၊ ရောဂါရှာဖွေကုသရေးလုပ်ငန်းစဉ်များနှင့် လက်ထောက်ကျန်းမာရေးမှူး (၁) ဦးဇင်ခိုင်အောင်က သားအိမ်ခေါင်းကင်ဆာထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပုံအဆင့်အဆင့်ကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံရေးသင်တန်းကို အခြေခံကျန်းမာ ရေးဝန်ထမ်းများအား ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာရောဂါသည် ဒုတိယအဖြစ်အများဆုံးရောဂါဖြစ်သောကြောင့် ငယ်ရွယ်သူများအသက်အရွယ်ကြီး ရင့်ချိန်၌ မဖြစ်ပွားစေရန်၊ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများထိုးနှံပေးသွားမည်ဖြစ်ပြီး ဆောင်ရန်ရှောင်ရန်အချက်များသိရှိစေရန် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ဦးစီးအရာရှိ ဒေါက်တာအောင်ရဲကျော်က ပြောကြားခဲ့သည်။

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)