ချမ်းအေးသာစံ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ် ပြိုင်ပွဲကျင်းပ

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၃

ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၁၀နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး မြို့နယ် စာကြည့်တိုက်မှူး ဒေါ်မို့မို့အောင်က ပြိုင်ပွဲ၏စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀ဦးကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်နှင့် တာဝန်ရှိသူများ၊ အမှတ် (၂၉) အခြေခံပညာ မူလတန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင် (ပြန်/ဆက်)